အခန်း ၁၇

953 92 24
                                    

နောက် ၃ရက်နေရင် လရောင်မွေးနေ့ရောက်ပြီဖြစ်၍လရောင်မှာ ကြိုတင်စိတ်လှုပ်ရှားနေသည်။ ဘယ်သူပဲဖြစ်ဖြစ် မွေးနေ့ဆိုလျှင်တော့ ပျော်တတ်ကြသည်ကြီးဟု လရောင်တွေးမိသည်။ အသက်တစ်နှစ်ကြီးရခြင်းက လူကြီးတွေအတွက်တော့ သိပ်ပျော်စရာမကောင်းပေမယ့် လရောင်တို့လို လူငယ်များကျပြန်တော့ အသက်ကြီးချင်လွန်းသဖြင့် ပျော်ရသည်လေ။ ပုံမှန်နေ့များကဲ့သို့ပင် မနက်ပိုင်းကို လုပ်စရာရှိသည်များလုပ်ကာ တီချယ့်အလာကိုစောင့်နေလိုက်သည်။ ကားဟွန်းတီးသံကြားတော့မှ ခြင်းတောင်းနှင့်ထီးကိုဆွဲကာ မေမေနှင့်ဖေဖေ့ကိုနှုတ်ဆက်ပြီး အိမ်ရှေ့ကိုအမြန်ပြေးထွက်လိုက်သည်။ သို့သော် ခြံထဲတွင်စိုက်ထားသော နှင်းဆီပန်းပင်များကို အာရုံရသွားသဖြင့် နောက်ပြန်လှည့်ပြေးကာ နှင်းဆီနီနီတစ်ပွင့်ကို ဆွတ်ခူးလိုက်သည်။ အလျင်လိုနေသဖြင့် လက်ကိုဆူးစူးသွားသေးသည်။ ထိုအရာကိုလည်း ဂရုမစိုက်နိုင် အမောတကောဖြင့် ဟိုပြေးသည်ပြေးဖြစ်နေပုံမှာ လူမြင်ရင် ရယ်ချင်စရာကောင်းလှပေသည်။ထို့နောက် ခြံတခါးကို ဆွဲဖွင့်ကာ ကားပေါ်သို့အမြန်ပြေးတက်လိုက်သည်။ ဆူးစူးထားသော လက်ညှိုးကိုလည်း အာရုံမစိုက်နိုင် တီချယ့်ကို လက်ထဲမှနှင်းဆီပန်းလေးပေးလိုက်သည်။
"လလေးကိုယ်တိုင် ပန်ပေးလေကွယ်"
တီချယ်ကပြောလာသော်လည်း လရောင်မှာတော့အခက်တွေ့ရပြန်သည်။ ခြင်းတောင်းထဲမှ တစ်ရှူးစကိုမသိမသာထုတ်ကာ လက်မှာ ခဏစည်းလိုက်ပြီးပန်းပန်ပေးလိုက်သည်။ တီချယ်က နှင်းဆီပန်းအနီရောင်နဲ့ သိပ်ကိုလှနေသည်ပဲ။ လရောင်ကိုပြုံးပြီးကြည့်နေသောကြောင့် အကြည့်လွှဲလိုက်ကာ တစ်ရှူးစကိုလည်းအမြန်ဖယ်ပစ်ရသည်။ ရုတ်တရက်ဆိုသလို လရောင်ပါးမှသနပ်ခါးကို တီချယ်ဖိကပ်ကာ နမ်းရှိုက်လိုက်သေးသည်။

"မွှေးသားပဲ ခရေပန်းအနံ့က"
လရောင်ကတော့ တီချယ့်၏ရုတ်တရက်ဆန်သော အပြုအမူများထဲတွင် ကြောင်အနေလျက်ရှိသည်။

"လက်ပေးကွယ်၊ ဒီအတိုင်းထားရင် ပိုးတွေဝင်ကုန်မယ်"
တီချယ်က လရောင်ကိုသေချာကြည့်ကာ ပြောလာတာကြောင့် လရောင်မျက်ဝန်းတို့ပြူးကျယ်သွားရသည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Where stories live. Discover now