"ခဏ တို့တွေတစ်နေရာရာမှာ တွေ့ဖူးကြလား"
လရောင်ကိုအနည်းငယ်မှတ်မိသွားသည်ထင်တာမို့ လရောင်အနောက်ကိုပြန်လှည့်လိုက်သည်။"ဟုတ်ကဲ့ အန်တီ၊ လရောင်တို့ ရွှေတိဂုံဘုရားမှာ တစ်ခေါက်ဆုံဖူးပါတယ်"
ဒီလောက်ပြောပြရင်ရပြီဟု လရောင်ထင်မိသည်။ သည်အမျိုးသမီးကြည့်ရတာ သဘောကောင်းမလိုလိုနှင့်မကောင်းဘူးမဟုတ်လား.."သြော်..ဟို ချော်လဲတဲ့ကလေးမလေးလား"
လရောင်ပြောတော့မှ သတိရသွားဟန်ပင်ပြုံးကာပြောလာတော့မှ ဘုရားမှာတွေ့ခဲ့တဲ့ အမျိုးသမီးရဲ့အသွင်နဲ့တူတော့သည်။"ဟုတ်ပါတယ် အန်တီ၊ အဲ့တုန်းကကိစ္စအတွက် ကျေးဇူးတင်ပါတယ်"
လရောင်ပြောလိုက်တော့မှ ထိုအမျိုးသမီးကပြုံးပြီးခေါင်းငြိမ့်သည်။"နာမည်က လရောင်လား"
သူမပြောနေတဲ့ ကိစ္စနဲ့ အဆက်အစပ်မရှိပြောလာသောကြောင့်ကြောင်သွားသော်လည်းလရောင်ပြန်ဖြေလိုက်သည်။"ဟုတ်ကဲ့ လရောင်နွေးပါ"
"ချစ်စရာလေးပဲ နာမည်လေးရော လူလေးရော"
သူမကိုယ်တိုင်တော်တော်လှတဲ့အမျိုးသမီးပဲ စိတ်ထဲကချီးကျူးထားသည့်အမျိုးသမီးက သူမကိုချစ်စရာလေးတဲ့လား..လှတဲ့အမျိုးသမီးတွေက မှန်ရောကြည့်ရဲ့လားမသိဘူးလို့တောင် လရောင်တွေးမိသွားသည်။ သူတို့ကိုယ်သူတို့အဲ့လောက်လှနေတာရော သိကြရဲ့လားတောင်မသိပါဘူး.."ရှင်..ဟို..ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ"
လရောင်၏ အထစ်ထစ်အငေါ့ငေါ့ဇာတ်လမ်းကစလေပြီ။ အဲ့ဒါကြောင့် လရောင် လူစိမ်းတွေနဲ့ စကားမပြောခြင်းဖြစ်သည်။"ယိင်းပါ၊ တို့နာမည်က ယိင်း"
ရုတ်တရက်ဆိုသလို သူမနာမည်ကိုပြောပြနေပြန်သော အမျိုးသမီးက လရောင်စိတ်ထဲထူးဆန်းနေသည်။"အန်တီလည်း လူရော နာမည်ရော လှပါတယ်၊ လူကတော့ ပိုလှတာပေါ့၊ အဲ့ဒါဆို လရောင်ကိုခွင့်ပြုပါဦး အန်တီယိင်း"
"အို..ကောင်းပါပြီကွယ်"
လရောင်လည်း ခေါင်းညွှတ်နှုတ်ဆက်ပြီး ပြန်လှည့်ထွက်လာခဲ့သည်။တကယ်တော့ စကားစမြန်မြန်ဖြတ်ကာ ပြန်ထွက်လာခြင်းဖြစ်သည်။ သူမ ယိင်းဆိုသော အမျိုးသမီးကြီးနှင့် စကားတွေအများကြီးပြောမနေချင်ပါ။ သူမ၏ပြန်လည်ချီးကျူးစကားကြောင့် ထိုအမျိုးသမီးမျက်နှာတွင် ပန်းနုရောင်တို့ရိပ်ခနဲဖြတ်ပြေးသွားတာကိုတော့ လရောင်မြင်လိုက်သည်။
လူကြီးတွေက အဲ့လိုပဲလားမသိ၊သူတို့စရင်တော့အကောင်း ပြန်စရင်တော့ရှက်လိုက်ကြတာလွန်ပါရော..
YOU ARE READING
ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်
Romance"ချစ်ပါတယ် လလေးရယ်၊ တို့မင်းကိုချစ်ပါတယ်၊ မင်းကိုမှမမြင်ရရင် မနေနိုင်လောက်တဲ့အထိ၊ မင်းအသံလေးမှမကြားရရင် နေမသိထိုင်မသာဖြစ်လောက်တဲ့အထိ၊ မင်းမျက်နှာလေးမှမမြင်ရရင် တို့မှာ အသက်တောင်ကောင်းကောင်းမရှူနိုင်တဲ့အထိ မင်းကို တို့ ရင်နဲ့အမျှချစ်ရပါတယ်"