အခန်း ၄

1K 94 4
                                    

"သမီး ဒီနေ့နည်းနည်းနောက်ကျတယ်နော်" ဒေါ်စိမ်းလဲ့က အိမ်ထဲဝင်လာသော သူမ၏သမီးဖြစ်သူ စန္ဒကူးအားလှမ်းပြောလိုက်သည်။ ဖိနပ်ချွတ်နေသော စန္ဒကူးလည်း အသံလာရာကိုလှမ်းကြည့်လိုက်တော့ ဇည့်ခန်းထဲတွင်ထိုင်နေသော သူမအမေကိုတွေ့လိုက်သည်။သူမအဖေက လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဆုံးသွားခဲ့ပြီဖြစ်သည်။
သူမတို့မိသားစုက မျိုးရိုးစဥ်ဆက်ချမ်းသာသဖြင့် မာမီ့မှာ ဘာအလုပ်မှလုပ်စရာမလိုပေ။ ဘွားဘွားဆုံးသွားတော့ တစ်ဦးတည်းသောသမီးဖြစ်သည့် မာမီက အမွေတွေရထားသည်မှာ တစ်သက်စားမကုန်နိုင်ပေ။

"ဟုတ်တယ် မာမီ ကလေးတစ်ယောက်ရဲ့အိမ်ခဏဝင်နေလို့လေ" သူမလည်း ဒေါ်စိမ်းလဲ့အားပြောရင်း အိမ်ထဲဝင်လာပြီး ဧည့်ခန်းရှိဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။
သူမစကားကိုနားထောင်နေသည့်မိခင်ဖြစ်သူမှာတော့ အံ့သြသွားဟန်ဖြင့် ပန်းထိုးနေသည်ကိုရပ်ကာ သူမသမီးကိုလှမ်းကြည့်လိုက်သည်။

"ဘယ်လို....မာမီများနားကြားလွဲလေသလား၊ ငါ့သမီးက ကလေးတစ်ယောက်ရဲ့အိမ်ကိုဝင်ခဲ့တယ်ပေါ့"

"အာ...မာမီကလည်း ဆရာမကတပည့်ရဲ့အိမ်ခဏဝင်တာပဲ၊ ဘာဖြစ်လို့လဲ" သူမကပြောရင်းရှေ့စားပွဲပေါ်ရှိ ရေကရားကိုယူကာ ဖန်ခွက်ထဲထည့်ပြီးသောက်လိုက်သည်။
ဒေါ်စိမ်းလဲ့ကတော့ အံ့သြမဆုံးဖြစ်နေသဖြင့် လက်ထဲမှပန်းထိုးနေသော အစကိုပင် စားပွဲပေါ်တင်လိုက်ကာ မျက်မှန်ကိုခေါင်းပေါ်ပင့်တင်လိုက်သည်။

"ဆိုပါဦး၊ အရင်ကကျ ကောင်းပေးရင် တပည့်တွေကမလေးစားလို့ပါဆို၊ ဘယ်တပည့်နဲ့မှရင်းနှီးကျွမ်းဝင်တာမရှိလို့ မာနခဲဆရာမဆိုတဲ့သတင်းတောင်ပျံ့နေတာကို၊ အခုကျ..."
အခုကျဘယ်လိုဖြစ်တာလဲဟု မေးချင်သည့်ဟန်ဖြင့် မျက်ခုံးကိုပင့်ကာ ပြောလက်စ စကားကိုရပ်လိုက်သည်။
တကယ်ဆို စန္ဒကူးကိုယ်တိုင်ကိုက သူမကိုသူမနားမလည်နိုင်တာ မာမီကဘယ်လိုနားလည်နိုင်မှာလဲ။ ဖြေရှင်းချက်မပေးနိုင်တော့သဖြင့် သူမလည်းသက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

"မသိတော့ဘူး မာမီရယ်၊ပင်ပန်းလာလို့ သွားနားတော့မယ်" သူမလည်းစကားစဖြတ်ကာ လက်ထဲမှဖန်ခွက်ကို စားပွဲခုံပေါ်ပြန်တင်လိုက်ပြီး အပေါ်သို့တက်လာခဲ့သည်။ သူမအခန်းထဲရှိ မှန်တင်ခုံပေါ်တွင်ထိုင်လိုက်တော့ ထိုကလေးမအကြောင်းက ခေါင်းထဲရောက်လာသည်။ ထစ်ခနဲဆိုလန့်ကာ တုန်တက်သွားသော ထိုကလေးမက သူမမျက်လုံးထဲတစ်မျိုးလေးဖြစ်နေသည်။ ဆရာမဆိုပြီးလည်း ကပ်ဖားရပ်ဖားလုပ်မနေတတ်တာကိုလည်းသူမသဘောကျသည်။ တချို့ရှိသည်လေ၊ အပြုံးတုတွေနှင့် တီချယ်ဆိုသည်ကိုပါးစပ်ကမချ၊ ကပ်လို့မရမှန်းသိတော့ ပြန်ခွာသွားကြ။ ထိုကဲ့သို့သော ကလေးတွေအများကြီးသူမတွေ့ဖူးပါသည်။ ထိုကလေးများကိုလည်း သူမမမုန်းမိပါ။ ကလေးကတော့ ကလေးသဘာဝပဲမလား။ သူများထက်ကိုယ့်ကိုပိုချစ်စေချင်၊ ပိုအလေးပေးစေချင်ကြတတ်သည်လေ။ သူမကိုယ်တိုင်လည်း ငယ်ငယ်က အဲ့လိုပဲလေ။ ပြောနေပေမယ့် ယခုချိန်ထိလည်း ထိုအတ္တကရှိဆဲပင်။
ထိုကလေးမအကြောင်းတွေးနေသောအတွေးများလွင့်ပျယ်သွားအောင် ခေါင်းကိုခါရမ်းလိုက်သည်။ ထို့နောက် ရေချိုးရန်ရေချိုးခန်းထဲဝင်သွားသည်။ လရောင်နွေးဆိုသည့်ကလေးမသူမအတွေးကိုလွှမ်းမိုးနေသည်ကို ရေနဲ့ဆေးချပစ်ရမည်ဟုသူမတွေးလိုက်သည်။ ယုတ္တိမတန်သောအတွေးများဖြစ်သည်ကို သတိမမူမိသည်လားမသိ။ ရေချိုးခန်းထဲကပြန်ထွက်လာတော့ မှန်တင်ခုံတွင်သူမပြန်ထိုင်လိုက်သည်။ ခြံထဲတွင် စိုက်ထားသော ကံ့ကော်ပင်ကိုလှမ်းကြည့်လိုက်တော့ အပွင့်တို့ရှိမနေ။ ကျောင်းသွားမည့်လမ်းမှာ ခရေပင်တစ်ချို့ရှိနေတာပဲ။ ခရေပန်းကလည်းမွှေးသားပဲလေ။သူမဘာကိုတွေးနေသည်ကို သူမကိုယ်တိုင်လည်းသေချာမသိပေ။ သေချာတာကတော့ သူမစိတ်တွေကိုသူမအစိုးမရတော့ပါ။ အတွေးတွေနှင့်လွင့်မျောနေတုန်း အောက်ထပ်မှ မာမီ့၏ထမင်းစားရန်လှမ်းခေါ်သံကြောင့် အောက်သို့ဆင်းလာခဲ့သည်။
ထမင်းဝိုင်းက တိတ်ဆိတ်လွန်းနေသည်။ အိမ်မှာခေါ်ထားသည့် ဒေါ်ပုကလည်း သူ့မြေးလေးနေမကောင်း၍ရွာပြန်သွားသောကြောင့် အိမ်မှာတိတ်ဆိတ်နေသည်။

ချစ်မေတ္တာဖြင့်လွှမ်းခြုံလျက်Onde histórias criam vida. Descubra agora