Epilogue

5K 512 74
                                    

Unicode~

၂၀၂၂ခုနစ် ဒီဇင်ဘာလ။

ပိုလန်နိုင်ငံ၊ Auschwitz နာဇီအကျဥ်းစခန်း ပြတိုက်။

ရာသီဥတုက ခိုက်ခိုက်တုန်​အောင်ချမ်း​​စေသည်။ ကင်မရာကို ကိုင်ထား​​သော သူ့လက်များက နီရဲထုံကျဥ်လို့​နေသည်။
​နွေး​ထွေးလို​နွေး​ထွေးငြား ​လက်နှစ်ဖက်ကြား ​လေပူမှုတ်ထုတ်လိုက်သည်။

မနက်​စော​စော Krakowမြို့မှ ထွက်လာခဲ့ရ၍ သူအိပ်​​ရေးမဝချင်။ ​ဆောင်းတွင်းဖြစ်သည့်အပြင် ညနက်အထိ စာတမ်းပြုစု​နေရင်းက ​တော်​တော်နှင့်မအိပ်ဖြစ်ခဲ့သည့်အတွက် သမ်း​ဝေချင်​နေတာ မဆန်းပါ​လေ။

Auschwitzကို ကိုယ်တိုင်လာရသည့်ခံစားချက်က ဘယ်လိုလဲဟု မေးလာလျှင် 'မွှန်းကြပ်မှု'ဟုသာ ​ခေါင်းစဥ်တပ်လိမ့်မည်။
Auschwitzက နာဇီအကျဥ်းစခန်းများစွာထဲမှ နာမည်အကြီးဆုံး သမိုင်းဝင်​နေရာ၊ ဆိုးယုတ်မှုများ၏ ဗဟိုချက်ဟုပင် တင်စားလို့ရသည်။
သန်း​ပေါင်းများစွာ​သော ဂျူးလူမျိုးများသည် ဤ​နေရာမှာ အသက်ကိုစ​တေးခဲ့ကြသည်။

Auschwitzသို့ ဝင်ဝင်ချင်းမှာ ​တွေ့ရသည့် စာတန်းက 'ARBEIT MACHT FREI' ဟူသည့် ဂျာမန်စကားလုံးများ။ အင်္ဂလိပ်လို 'Work makes free' တဲ့​လေ။ အလုပ်လုပ်ရင် လွတ်လပ်မည်ဟု ဆိုလိုသည်။ သို့​သော် မည်သည့်ဂျူးလူမျိုးမှ မလွတ်​မြောက်ခဲ့​ကြောင်း၊ သည်စာတန်းဟာလည်း ဘယ်​တုန်းကမှမတည်ခဲ့သည့် ကတိစကားသာဖြစ်​ကြောင်း စာအုပ်စာတမ်းများမှတစ်ဆင့် သူ​လေ့လာခဲ့ပြီးဖြစ်သည်။

​ရှေး​ဟောင်းသု​တေသနပါရဂူဘွဲ့ကို ကြိုးစား​နေသူတစ်​ယောက်အ​နေနှင့် ထိုက်သင့်သ​လောက်​တော့ သည်​နေရာအ​ကြောင်းကို သိထားပြီးလျက်သား။
ဘာ​ကြောင့်များ တကူးတက ကိုယ်တိုင်လာချင်ခဲ့တာပါလိမ့်။
Auschwitz ​ခေါ်သံ​တွေကို သူကြား​နေရသလို၊ မမြင်ရတဲ့ဆွဲ​ဆောင်မှုများက သူ့ကိုဖမ်းစား​နေခဲ့​သော​ကြောင့် ဖြစ်လိမ့်မည်။

ဂျူးများစွာကို ဓါတ်​ငွေ့​ပေး၍ သတ်ခဲ့​သော​နေရာ၊ ဂျူးအကျဥ်းသားတို့၏ အိပ်​ဆောင်.. တစ်​နေရာချင်းစီက သူ့ကို အသက်ရှူရခက်​စေသည်။
သည်​နေရာက အဖြစ်အပျက်များဟာလည်း သူ့မျက်စိ​ရှေ့များ ဖြစ်ခဲ့သလို.. သူဟာ သူမသိတဲ့မြင်​ကွင်းများအား မြင်​ယောင်မိ​နေ၏။

𝐋𝑢𝑐𝑖𝑑 𝐃𝑟𝑒𝑎𝑚 Where stories live. Discover now