ဒီနေ့က ဘုန်းမိုရ်နှင့် ဈာန်တို့၏ မင်္ဂလာဧည့်ခံပွဲနေ့ဖြစ်၏။
မင်္ဂလာဧည့်ခံပွဲကိုတော့ ခက်မမြို့ရှိ ဘုန်းမိုရ်ပိုင်သည့် နာမည်ကြီးဟိုတယ်တစ်ခုတွင် ကျင်းပခြင်းဖြစ်သည်။
နှင်းဆီပွင့်အနီများနှင့် ငွေရောင်အလှဆင်ပစ္စည်းများကို အချိုးကျကျ လှပတင့်တယ်စွာပေါင်းစပ်ထားသော ခမ်းနားကျယ်ဝန်းလှသည့် ခန်းမကြီးအတွင်းတွင်ဖြစ်သည်။
ခန်းမအတွင်း ငြိမ့်ညောင်းလှသည့် တေးသံသာသာက ကြည်ကြည်နူးနူးပျံ့လွင့်နေ၏။
ဘိသိက်ဆရာ၏ ပဏာမဆုတောင်းစကားအပြီးတွင်တော့ ငွေရောင်ဝမ်းဆက်လေး ဝတ်ဆင်ထားသည့် အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ် အရွယ်ခန့်ရှိ မိန်းမပျိုလေးမှာ အနီရောင်ကော်ဇောလျှောက်လမ်းထက်တွင် နှင်းဆီပွင့်ချပ်လေးများအားထည့်ထားသောငွေဖလားအား သယ်ဆောင်လာကာ ထိုငွေဖလားအတွင်းမှ နှင်းဆီပွင့်ချပ်လေးများအားကျဲချရင်း လျှောက်လမ်းတစ်လျှောက် ဖြည်းညှင်းစွာဖြင့် တင့်တယ်စွာ လျှောက်လှမ်းလာသည်။
နှင်းဆီပွင့်ချပ်လေးများ ပြန့်ကျဲနေသော အနီရောင် ကော်ဇောလျှောက်လမ်းထက်တွင် ငွေရောင်ဝမ်းဆက်လေးကို ဝတ်ဆင်ထားသော လှပကာ ချစ်စရာကောင်းသည့် နောက်ထပ်မိန်းမပျိုလေးတစ်ဦးမှာ ဖြူစင်သန့်ရှင်းစင်ကြယ်လှပသော စံပယ်ပန်းကုံးနှစ်ကုံးကို ထည့်လာသည့် ငွေဖလားအားကိုင်ကာ ပန်းကျဲနေသောမိန်းမပျိုလေး၏ အနောက်မှ ကျက်သရေတင့်တယ်စွာဖြင့် လျှောက်လှမ်းလာသည်။
သူမ၏ နောက်တွင်တော့ အလွန်လိုက်ဖက်ကာ ချောမောခန့်ညားနေကြပြီး ငွေမှင်ရောင် ရှပ်အင်္ကျီလက်ရှည် လည်ကတုံး၊ တိုက်ပုံအဖြူရောင် နှင့် အဖြူပေါ်တွင် ငွေမှင်ရောင်နှင့် အနက်ရောင် ချိတ်လိုင်းများ ဒေါင်လိုက်ခပ်စိတ်စိတ်ပြေးထားသော ပိုးပုဆိုးတို့ကိုဝတ်ဆင်ထားသည့် သတို့သားနှစ်ယောက်က ကြည်နူးပြုံးရွှင်စွာဖြင့် လျှောက်လှမ်းလာကြသည်။
ချောမောခန့်ညားလွန်းလှသောမျက်နှာထက်တွင် ရွှေကိုင်းမျက်မှန်တပ်ဆင်ထားသည့် သတို့သား ၏ လက်မောင်းအား ညာမျက်လုံးထောင့်တွင် မှည့်နက်လေးပါရှိကာ လှပပြီး ချစ်စရာကောင်းသည့် သတို့သားလေးက သူ၏လက်ဖြင့် ခိုင်မြဲစွာတွဲချိတ်ထားသည်။
YOU ARE READING
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...