ကားပွတ်ဆွဲသွားသည့်အသံနှင့် လူတချို့၏ အလန့်တကြားအော်ဟစ်သံတို့ကြောင့် ခန့်မင်းညိုတို့ အိမ်အပြင်သို့ပြေးထွက်လာပြီး လမ်းမဘက်ထွက်ကြည့်လိုက်ရာ လမ်းမကြီးထက်တွင် ခွေခွေလေးလဲနေသော မြတ်လေးနှင့် လမ်းမထက်ထိုင်လျက်သား ကြောင်အနေသော ဈာန့်ကိုတွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ခန့်မင်းညိုမျက်လုံးများပြာဝေသွားပြီး မြတ်လေးထံသို့အမြန်ပြေးကာ လဲကျနေသော မြတ်လေး ကိုယ်လုံးလေးအားပွေ့လိုက်သည်။
မြတ်လေးအား စိုးရိမ်တကြီးဖြင့် အော်ခေါ်သော်လည်း မြတ်လေးက ပြန်ထူးလာခြင်းမရှိ။
ဘုန်းမိုရ်ကလည်း ကြောင်အနေသော ဈာန့်အနားသို့ပြေးသွားလိုက်ပြီး မြတ်သူအား အော်ခေါ်နေသည့် ကိုခန့်ကို လှမ်းအော်လိုက်သည်။
"ကိုခန့် ကြောင်မနေနဲ့ ဆေးရုံမြန်မြန်ပို့ဖို့ပြင် ... မင်းသူရ ကားသွားယူ"
ဘုန်းမိုရ်၏စကားကြောင့် ခန့်မင်းညိုက သတိဝင်လာပြီး မြတ်လေးအား အသာအယာပွေ့လိုက်သည်။
မင်းသူရက ချက်ချင်းပင် ကားကိုမောင်းလာကာ ခန့်မင်းညိုတို့အနီးတွင်ရပ်လိုက်တော့ ခန့်မင်းညိုက မြတ်လေး၏ ကိုယ်လုံးလေးကို အသာအယာပွေ့ကာ ကားပေါ်တက်လိုက်သည်။
ထို့နောက် မင်းသူရက ကားကို ခက်မမြို့က အကောင်းဆုံးပုဂ္ဂလိကဆေးရုံဖြစ်သော တော်ဝင်ဆေးရုံကြီးဆီသို့ အမြန်မောင်းသွားလိုက်သည်။
ဈာန် ကြောင်ငေးကြည့်နေရင်းမှ လူအချို့ကမှောက်နေသောကားအထဲမှ ကားမောင်းသမားအား ဆွဲထုတ်နေကြသည်ကို မြင်တွေ့နေရ၏။
ကားသမား၏ တစ်ကိုယ်လုံးကားထဲမှထုတ်ပြီးသည့်နောက် ဈာန့်နောက်ကျောမှ ဖြိုးကိုကို၏ရေရွတ်သံကို ဈာန်ကြားလိုက်ရသည်။
"အဲ့တာ ဇွဲနန္ဒမလားတဲ့"
ထိုနာမည်ကြောင့် ဈာန်တုန်လှုပ်သွားပြီး ကြောက်လန့်တကြီးဖြင့် ထိုလူအားကြည့်မိသည်။
အမှန်ပင် ဇွဲနန္ဒဖြစ်နေသည်။
ထိုစဉ် ခန့်မင်းညိုငှားထားသည့် ဆိုင်ခန်းငှားသူများထဲက တစ်ဦးက သူ့ကားဖြင့် ဈာန့်အားဆေးရုံသို့ပို့ပေးမည်ဟု ပြောလာသဖြင့် ဘုန်းမိုရ်က ဈာန့်ကိုယ်လုံးလေးအား ထွေးပွေ့ချီလိုက်ပြီး တော်ဝင်ဆေးရုံကြီးသို့ပို့ပေးပါရန်တောင်းဆိုလိုက်ကာ ကားထဲသို့ဝင်လိုက်သည်။
ESTÁS LEYENDO
အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)
Romanceပေါ့ပေါ့ပါးပါး အချိုလေးပါ။ ခုမှစရေးတဲ့အတွက် ကောင်းချင်မှကောင်းမှာပါ။ အစပိုင်းကတော့ C-novel လေးတစ်ပုဒ်က အကြောင်းအရာတစ်ခုကို inspire ယူထားပါတယ်။ အပျော်တမ်းရေးခြင်းဖြစ်ပါတယ် ။လမ်းကြုံရင် ဝင်ဖတ်သွားကြပါဦးလို့။ ကိုယ်Inspire ယူထားတဲ့ novel ကတော့ The Spiri...