အခန်း (၃၀)

6.7K 1.1K 27
                                    

[Unicode]

ဘေးဒုက္ခကြီးတစ်ခုထဲ၌ သေကံမရောက် သက်မပျောက်

လင်ယွိကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် သူမဟာ နှစ်ရက်တိတိ သတိလစ်မေ့မြောနေခဲ့ပြီးမှ ပြန်နိုးလာခဲ့၏။ တာဝန်ကျဆရာဝန်ဟာ သူမ၏ ဆေးမှတ်တမ်းများကိုကြည့်ရင်း နားမလည်နိုင်အောင် ဖြစ်လို့နေလျက်။ လူနာသည် သူမအသက်အရွယ်အရ ကျန်းမာရေးအကောင်းဆုံးအခြေအနေမှာ ရှိနေသည်ဟု မဆိုသာသော်လည်း ဆေးစစ်ချက်အဖြေများကတော့ အားလုံးနီးပါး ပုံမှန်ပါပင်။ အချို့သွေးအဖြေလေးများကသာ အနည်းငယ် နည်းသည့်ဘက်ကို ရောက်နေခဲ့သည်။ သို့ပေသိ ၎င်းက သတိလစ်သွားရလောက်အောင်အထိတော့ ဆိုးမနေခဲ့။

ယင်းက သုတေသနပြုလုပ်ရလောက်အောင် ထူးခြားလွန်းလှသော အဖြစ်အပျက်တစ်ခု ဖြစ်နေလေရာ ဆေးရုံကလည်း ရောဂါအမှန်ကို ရှာဖွေတွေ့ရှိပြီး တိကျသော ကုသမှု ပေးနိုင်ရန်အတွက် အထူးကုသရေးအဖွဲ့ကို ဖွဲ့စည်းခဲ့၏။

"တစ်လအတွင်း လူနာက သုံးကြိမ်တိတိ သတိလစ်ပြီး ဆေးရုံတက်ခဲ့ရပေမယ့် ​အဲ့လိုဖြစ်စေတဲ့ အကြောင်းရင်းကိုတော့ တစ်ခါမှ ကျွန်မတို့ ရှာလို့မရခဲ့ဘူး" အသက် ၅၀ အရွယ်ရှိ အမျိုးသမီးဆရာဝန်တစ်ဦးက ခေါင်းကို ခါယမ်းလိုက်ပြီး - "လူနာက အသက် ၂၂ နှစ်ပဲ ရှိသေးတာ။ တော်တော်ငယ်သေးတယ်။ သူမြန်မြန်ပြန်ကောင်းလာစေဖို့အတွက် ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကို အမြန်ဆုံးရှာတွေ့ပြီး ထိရောက်တဲ့ ကုသမှု ပေးနိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်"

"လူနာက တခြား ဘာပြဿနာမှ ရှိမနေဘူး။ ဦးနှောက်နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခုရော ဖြစ်နိုင်မလား?" အဖွဲ့ခေါင်းဆောင် ဆရာဝန်က ဆေးစစ်ချက်အဖြေ အပုံလိုက်ကြီးထဲကနေ ဦးနှောက် CT ဓာတ်မှန်များကို ထုတ်လိုက်ကာ - "ဒီတိုင်းကြည့်တာတော့ ကောင်းတယ်လို့ ထင်ရပေမယ့် ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာတွေက တကယ်ရှုပ်ထွေးတယ်လေ။ ကျွန်တော်တို့ အဲ့ဒါကို လွတ်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ"

သူထိုသို့ ပြောလိုက်သည့်အခါမှာတော့ အခြားဆရာဝန်များအားလုံးဟာ ဘာမှမပြောနိုင်တော့ဘဲ နှုတ်ဆိတ်လို့ သွားခဲ့ကြ၏။ သူတို့သာ တိကျသည့် အကြောင်းရင်းကို ရှာလို့မတွေ့ပါက ရောဂါလက္ခဏာများကိုလည်း ပျောက်ကင်းအောင် ကုသပေးနိုင်လိမ့်မည် မဟုတ်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now