#LightYearsAway
အရုဏ်မတက်ခင်မှာကို မိုးကတဖျောက်ဖျောက်ကျနေပြီ။ မိုးရာသီဆိုသော်လည်း ယနေ့ စိတ်အခြေအနေ နှင့်တော့ မိုးရွာခြင်းကိုလည်း အပြစ်မြင်နေရ၏။
"မိုးက ရွာမှာလား၊မရွာဘူးလား မသိဘူး။ အခုတော့ မိုးဖွဲလေးပဲ။ တူမကြီး.. ထီးပါရဲ့လား"
"ဟုတ်ကဲ့"
တကယ်က ကြည်သာ့မှာ ထီးမပါလာပါ။ သို့သော် အငှားကားဆရာဦးလေးကြီးကို စိတ်မပူစေချင်၍ အလွယ်သာဖြေလိုက်မိသည်။
"အေးကွယ်။ ဒါပေမဲ့ နေဦး၊ ဦးလေး အမိုးတန်းနားရောက်အောင်ရပ်ပေးမယ်"
"ရတယ် ဦးလေး။ သမီး ဒီကနေပဲလမ်းလျှောက်သွားတော့မယ်။ ရှာရမယ့်သူလည်းရှိသေးလို့"
တစ်ထောင်တန်လေးများထုတ်ပေးတော့ ဦးလေးကြီးက ခေါင်းတညိတ်ညိတ်ဖြင့် ပြုံး၍
"ဪ။ အေးပါကွယ်။ ဒါဆိုလည်း တူမကြီးရေ.. ဘဝခရီးလမ်းအစစချောမွေ့ပါစေ။ ဦးလေးကတော့ တူမကြီးအတွက် သိပ်ဂုဏ်ယူတယ်။ ဒီပိုက်ဆံကိုလည်း ကုသိုလ်လုပ်ဖို့ထဲထည့်မယ်နော်"
"ကျေးဇူးတင်ပါတယ်ရှင်"
အငှားကားလေးက လူအုပ်နှင့် ကားများကြားထဲ တဖြည်းဖြည်း ဘီးလှိမ့်ပျောက်ကွယ်သွားသည်ကို ကြည်သာ ငေးကြည့်နေမိ၏။ ထပ်တွေ့စရာမရှိသော သူစိမ်းတစ်ယောက်အနေဖြင့် ကားဆရာသည် အတော်ဖော်ရွေပြီး စကားပြော၍ကောင်းပါသည်။ ကြည်သာ သာ စိတ်မကောင်းဖြစ်မနေလျှင် ထိုကား ဆရာကို စကားဖောင်ဖွဲ့ပြောနေမိမည်။ ပြန်တွေးကြည့်တော့ ညသန်းခေါင်ကတည်းက ယခု နံနက် လေး နာရီထိ တွေ့ဆုံခဲ့ရသမျှ လူဒါဇင်များစွာထဲ "ဆေးကျောင်းတက်မှာပေါ့" ဟုမမေးသော ပထမဆုံးလူဖြစ်ခဲ့ ခြင်းအတွက် ကားဆရာကို ထိုထက်မက ကျေးဇူးတင်ခဲ့သင့်သည်။ ကြည်သာ သက်ပြင်းချလိုက်ပြီး ဖြည်း ဖြည်းချင်း ကျောင်းကြော်ငြာဘုတ်ထံလျှောက်လာခဲ့၏။
လမ်းတစ်လျှောက်မှာက မိသားစုများ၊ သူငယ်ချင်းများနှင့် အုပ်စုလိုက် စကားပြောနေကြသည့်မြင်ကွင်းကိုဖြတ်ကျော်ခဲ့ရသည်။ ဂုဏ်ယူနေသူ၊ ပျော်နေသူ၊ ငိုနေသူ၊ ကြိတ်မနိုင်ခဲမရဖြစ်သူနှင့် နှစ်သိမ့်ပေးနေသူ...။ ဘဝရဲ့အဆုံးအဖြတ် အချိုးအကွေ့တစ်ခုကို လာကြည့်ကြရသူတွေမဟုတ်လား။ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဆိုသည်က နှစ်တိုင်းဒီလိုပဲ ဟု ကားဆရာကပြောသွားသေးသည်။ လူသံ၊ ဆိုင်ကယ်သံ၊ မုန့် ရောင်းသည့် ဈေးဆိုင်တို့မှအသံ၊ စကားသံတို့ကို ဖြတ်လာပြီး လူအုပ်ထဲ တစ်ယောက်သောသူကိုလိုက်ရှာ မိသည်။ မည်မျှပင် အောင်စာရင်းကြည့်သောလူအုပ်ရှိသည်ဆိုဆို ဤကျောင်းက ကြည်သာ လာခဲ့သော ကျောင်းလောက် လူမများပါ။ ထို့ပြင် ကြည်သာရှာနေသောလူကို ချက်ချင်းရှာတွေ့နိုင်မည်ဟု ယုံကြည် ချက်ရှိသဖြင့် မျက်လုံးဝေ့ရှာနေမိသည်။
YOU ARE READING
Light-Years Away
General Fictionချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...