33 - Big Bang

3.7K 391 71
                                    

#33 #LightYearsAway

ဝေယံ့စိတ်ထဲ ဘာကြောင့်မှန်းမသိ လေးလံနေခဲ့၏။ ချမ်းငြိမ်းက ထူးထူးခြားခြား ဘာဂါနှင့် အာလူးချောင်း ကြော်စားချင်သည်ဟု ပြောလာသဖြင့် ဝေယံ့မှာ စိတ်မချလက်မချဖြင့် ခဏထားခဲ့ပြီး သွားဝယ်ပေးနေရ သည်။ သို့သော် ထိုလေးလံမှုက ကြောက်ဖို့ကောင်းလောက်အောင်ရှိနေဆဲ။ ယနေ့မှ McDonald ဆိုင်က ကြာလွန်းနေသည်။ ဝေယံ စိတ်မရှည်တော့သဖြင့် ကောင်တာကိုပင် သွားလောလိုက်မိသေးသည်။ အာလူးချောင်းကြော်က အချိန်ခဏမျှစောင့်ပေးရဦးမည်တဲ့။ ဝေယံ နာရီကို ကြည့်လိုက်တော့ နာရီလက် တံက လည်ပတ်နေဆဲ။ ၈ နာရီထိုးရန် ဆယ်မိနစ်အလို။

ဝေယံ ခေါင်းခါလိုက်ပြီး ချမ်းငြိမ်းကို ဖုန်းဆက်ရန်တွေးနေစဉ်မှာပင် အာလူးချောင်းကြော်ရလာ၏။ အချိန် မဆွဲနေတော့ဘဲ ချမ်းငြိမ်းရှိရာ ဆေးရုံခန်းသို့ မပြေးရုံတမယ် ခပ်သွက်သွက်လှမ်းလာမိတော့သည်။ ဘာ ကြောင့်မှန်းမသိ.. ချမ်းငြိမ်းကို သိပ်လွမ်းနေပြီ။ မျက်နှာလေးမြင်ရမှ ဤလေးလံနာကျင်ရသော ခံစားချက် တို့ပျောက်တော့မည်ပဲ။

ဝေယံ တံခါးဆွဲဖွင့်လိုက်တော့ ကြည်သာ့ကို အရင်ဦးဆုံးတွေ့လိုက်ရ၏။ ကြည်သာအေးမြက ဝေယံ့ကို ကျောပေးထားရာမှ သွေးအေးအေးပြန်လှည့်ကြည့်လာသည်။ ကြည်သာ့နှုတ်ခမ်းမှာ သွေးစက်တွေ... ဝေယံ အထိတ်တလန့်ဖြင့် ချမ်းငြိမ်းကိုကြည့်မိတော့ လူနာကုတင်ပေါ်မှ ချမ်းငြိမ်းက သွေးအလူးလူးဖြင့် ငြိမ်သက်နေ၏။

"ကြည်သာအေးမြ.. နင် နင် ဘာလုပ်လိုက်တာလဲ။ ချမ်းငြိမ်း... ချမ်းငြိမ်းအေးဟန်.. ငါခေါ်တာကြားလား။ ငါ့ကိုကြည့်စမ်း။ ချမ်းငြိမ်း..."

နာရီလက်တံက လျင်မြန်စွာ လည်ပတ်နေ၏။

ကြည်သာ့စိတ္တဇဆန်ဆန်ရယ်သံကိုသာကြားလိုက်ရပြီးနောက် ဝေယံ ထိတ်လန့်စွာဖြင့် ချမ်းငြိမ်းကို အတင်းလှုပ်နှိုးနေမိတော့သည်။

"အင်း.. ကိုယ်ကြားပါတယ်။ ကိုယ့်ဝေယံ... အဆင်ပြေရဲ့လား"

လက်မောင်းကိုလာထိလိုက်မှ ဝေယံ သတိဝင်လာသည်။ ဆေးရုံခန်းထဲမှာ ကြည်သာလည်းမရှိ။ ချမ်းငြိမ်း လည်း မျက်နှာကြည်ကြည်စင်စင်နှင့်ရှိနေဆဲ။ ဝေယံ အိပ်မက်မက်နေသည်ပဲဟု သိသွားမှ​သက်ပြင်းချနိုင် သွားသည့်တိုင် ချမ်းငြိမ်းအဆင်ပြေမပြေ စစ်ကြည့်မိသေးသည်။ လှဲနေသည့်ချမ်းငြိမ်းက ထထိုင်လိုက်ပြီး ဝေယံ့ကို အထူးအဆန်းလိုကြည့်နေ၏။

Light-Years AwayWhere stories live. Discover now