#LightYearsAway #31
ကြည်သာ ရထားလက်မှတ်ကို တစ်ချက်ကြည့်လိုက်ရင်းဖြင့် နေကာမျက်မှန်ကို ခပ်ငိုက်ငိုက်ဆွဲချထား လိုက်၏။ မျက်လုံးတွေ မို့အစ်ဖောင်းတက်နေသည်ကို တခြားသူတို့ မမြင်စေလို။ ကြည်သာ့အဖွဲ့ထဲမှ Nick တို့ Lucas တို့ကိုလည်း အလုပ်နှင့်မပတ်သက်သည့် စကားအရှည်ကြီးတွေပြောမနေချင်။ ကြည်သာ့ထံသို့ ချမ်းငြိမ်းက အက်ကွဲသောလေသံဖြင့် ဖုန်းဆက်လာပြီးသည့်နောက်မှစ၍ ကြည်သာ အရာအားလုံးကို စွန့် လွှတ်လိုက်ချင်ပြီ။ အမြွှာတွေရဲ့နာ့ဗ်ကြောအာရုံခံစားမှု.. ၊ ဆေးသိပ္ပံသုတေသန...၊ ဘာကိုမှ ကြည်သာ ယုံ ကြည်ချက်မရှိတော့။ ကိုယ်အမြဲယုံကြည်ခဲ့သော ချမ်းငြိမ်းအေးဟန်၏ ပြိုယိုင်လဲမှုကို တွေ့ရချိန်တွင် တော့ ကြည်သာ ကိုယ့်ကိုယ်ကိုယ်ပင်မယုံတော့သည့် အခြေအနေဖြစ်သွားခဲ့သည်။ ဝေယံ့ကို စာအုပ်လေး တစ်အုပ်ပို့မိရုံနှင့် မီးတောက်တွေထတောက်သည်ဟုလည်း မပြောချင်တော့ပါ။ ဝေယံ့ရင်ထဲမှာလည်း သံသယတွေရှိမည်ပေါ့လေ...။ ကြည်သာ့အတွက်တော့ တစ်ခု တည်းသောနောင်တက ချမ်းငြိမ်းကို ပင်ပန်းစေမိခြင်းပင်။ ဝေယံ သံသယကြောင့် လဲပဲသေသေ ကြည်သာ ဂရုမစိုက်ပါလေ။ သို့သော် ဝေယံ သေဆုံးရ၍ ချမ်းငြိမ်း နာကျင်မည်ဆိုလျှင်တော့ ဝေယံ့အသက်ကို ကြည်သာက သေမင်းထံမှာပင် သွားလဲပြီးဆွဲထားပေးနိုင်သေးသည်။
တီးတိုးရယ်မောသံလေးကြောင့် ကြည်သာ ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ မက္ကစီကန်မိသားစုတစ်စု။ ကလေးလေးက ကြည်သာ့ဆံပင်များကို သဘောကျနေဟန်ဖြင့် လှမ်းကြည့်ကာရယ်မောနေတော့ ဖခင် ဖြစ်သူက အားနာဟန်ဖြင့် ကလေးလေးကို ကောက်ပွေ့ပြီး တဝကြီးနမ်းနေ၏။ အနမ်း...။ ကြည်သာ အတော်ကြာသည်အထိ ထိုမြင်ကွင်းမှ အကြည့်မလွှဲနိုင်ခဲ့။ ဖခင်တစ်ယောက်က သားသမီးကို အနမ်းပေး တာ ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်လဲ။ ကြည်သာက ဘာကိုထူးထူးဆန်းဆန်းခံစားနေရလဲ။
မာန်နတ်တစ်ပိုင်း...။ အတွေးထဲမှာ မှတ်ဉာဏ်တွေက မြစ်တစ်စင်းလို စီးဆင်းလာ၏။
"ကြည်သာလေးက ဖေ့ဆီလာခဲ့ပါဦး"
"ဖေဖေ"
ထိုခေါ်သံက ကြည်သာ့အသံမဟုတ်၊ ချမ်းငြိမ်း၏ အသံ။ ချမ်းငြိမ်း သေးသေးလေးက ကြည်သာ့ရှေ့မှနေ၍ ဖေဖေ့လက်ထဲတိုးဝင်သွား၏။ ကြည်သာရုတ်တရက် ခေါင်းကိုက်လာသည်။ မဖြစ်တော့ပါလေ။ ပူရှိန်း ထုတ်စားမှရတော့မည်ထင်သည်။ ပူရှိန်းလေးငုံလိုက်တော့ နေသာထိုင်သာရှိလာသည်။
YOU ARE READING
Light-Years Away
General Fictionချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...