#LightYearsAway #12
စင်မြင့်ထက်မှာ လင်းလက်နေသော ချမ်းငြိမ်းအေးဟန်။ ဆွေးနွေးပွဲကဲ့သို့ လူအများရှေ့တွင် အသက်ကြီး ဝါကြီးများနှင့် ရင်ဆိုင်စကားပြောရသောအခါ ကြည်သာပင် အနည်းနှင့်အများ စိတ်လှုပ်ရှားပြီး အမှားလုပ် မိမည်ထင်သော်လည်း ချမ်းငြိမ်းကတော့ တည်ငြိမ်စွာပင် လုပ်ဆောင်နိုင်ကြောင်းတွေ့ရသောအခါ ကြည်သာ ဂုဏ်ယူမိသကဲ့သို့ စိတ်ထဲတွင်လည်း အားကျစိတ်ဖြစ်ရသည်။ ချမ်းငြိမ်း၏ အရည်အချင်းများ ကို တွေ့လာရလေလေ ကြည်သာသည် ချမ်းငြိမ်းနှင့်တစ်လှမ်းစီ ဝေးသွားသကဲ့သို့ ခံစားရ၏။ အင်္ဂလိပ်စာ ကို လေယူလေသိမ်းမှန်မှန်ဖြင့် ကြည်ကြည်လင်လင်ပြောပြနေသော ချမ်းငြိမ်းက တခါတရံတော့ ကြည်သာနှင့် အကြည့်ချင်းဆုံလျှင် အပြုံးလေးတစ်ပွင့်ပေးရှာပါသည်။ သို့သော် ကြည်သာ့စိတ်ထဲလေးလံ နေမြဲ။ ဘာပါလိမ့်...။ ဘာဖြစ်လို့ပါလိမ့်။
အားလုံးရဲ့အာရုံက ချမ်းငြိမ်းမှာပဲရှိကြလို့များလား။ ဤသည်က ထူးဆန်းသည်တော့မဟုတ်။ ပွဲထဲတွင် ချမ်းငြိမ်းသည် အလင်းလက်ဆုံးလူသားတစ်ယောက်ဖြစ်နေမည်ကို လူတိုင်းသိသည်။ ဆွေးနွေးသူများထဲ အသက်အငယ်ဆုံးဖြစ်ပြီး ချမ်းငြိမ်း၏ စကားပြောသံက ဘာသာပြန်အကူအညီမလိုပါဘဲ နားလည်နိုင်၏။ တခြားသော ဆွေးနွေးသူများက ပညာရပ်ပိုင်းဆိုင်ရာပြည့်ဝပြီး လူကြီးများလည်းဖြစ်သောကြောင့် သူတို့ ၏ မိခင်ဘာသာစကားများဖြင့် ပြောကြသည်ကများသည်။ အိန္ဒိယမှစာရေးဆရာကလည်း အင်္ဂလိပ်လို ပြောသည့်တိုင် အိန္ဒိယလေယူလေသိမ်းအသံထွက် လွှမ်းနေသဖြင့် ချမ်းငြိမ်း၏ဆွေးနွေးမှုသည် ပိုရိုးရှင်း ကာ နားလည်ရလွယ်နေသည်။ အင်းလေ.. အားလုံးက အင်္ဂလိပ်လိုပဲပြောပါစေဦး၊ ကြည်သာကတော့ ချမ်းငြိမ်းအေးဟန်တစ်ယောက်တည်းကိုပဲ မြင်နေပါဦးမည်။
"အရှေ့တိုင်းမှာ ငြိမ်းချမ်းမှုကို ရုပ်ဝတ္ထုပစ္စည်းတွေထက် အတွင်းစိတ် သဏ္ဌာန်မှာရှာဖွေဖို့ ကြိုးစားအား ထုတ်ကြပါတယ်။ စိတ်ကို အောင်နိုင်ခြင်းဟာ အရာအားလုံးကို အောင်နိုင်ခြင်းပဲဖြစ်ကြောင်းကို ဘာသာရေးတွေက တညီတညွတ်တည်းဆိုကြတယ်။ ဒါပေမဲ့ အဲဒီ အတွင်းစိတ်သည်ပင်လျှင် အောင်နိုင်ဖို့ အခက်ခဲဆုံးအရာပဲဖြစ်နေပါတယ်။ လူသားရယ်လို့ဖြစ်လာကြတဲ့အခါ ကျွန်တော်တို့ဟာ ခံစားမှုတွေနှင့် တည်ဆောက်ထားတာဖြစ်လို့ စိတ်ရဲ့အဆုံးမရှိမှုကို တားမြစ်လိုက်ဖို့မလွယ်ကူပါဘူး။ အဲဒီအခါ အမှားတွေ ဖြစ်လာတတ်ပါတယ်"
ESTÁS LEYENDO
Light-Years Away
Ficción Generalချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်။ (Zawgyi) ...