အပိုင်း ၁

853 38 2
                                    

Unicode

အချိန်တော်တော်ကြာအောင် ငြိမ်သက်စွာ ရပ်တန့်နေခဲ့တာကြောင့် ခြေအစုံက ထုံကျဉ်လို့နေသည်။ ထို့အတူ စိတ်နှလုံးတစ်ခုလုံးဟာလည်း ဒဏ်ရာပေါင်းစုံရောပြွမ်းနေသော နာကျင်မှုကြောင့် ထုံထိုင်းနေခဲ့သည်မှာ ကာလတော်တော်ပင်ကြာခဲ့ပြီ။

သစ်ရွက်ခြောက်တို့ ဝေ့ဝဲကြွေလွင့်ကာ ကောင်းကင်တစ်ခုလုံးကို အပြာရင့်ရောင် လွှမ်းခြုံခြင်းခံထားရသော နွေဦး၏ ပူနွေးသောလေထုလွှာတစ်ခုက ခန္ဓာကိုယ်ကို ထွေးပွေ့ထားသယောင်ဖြစ်နေသည်မှာ ၁၇နှစ်လုံး တစ်ကြိမ်တစ်ခါတောင် မည်သူတစ်ဦးတစ်ယောက်ဆီကမှ ပွေ့ဖက်ခြင်းမခံခဲ့ရဖူးသည့် အဖြစ်ကို သနားလှောင်ရယ်နေပုံနှင့်ပင် အလားသဏ္ဋန်တူနေတော့သည်။ တိမ်ထူထူအုပ်စု တစ်စုက နေမင်းအပေါ် ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားသဖြင့် ခေတ္တခဏတာမျှ ပူရှိန်ပြင်းပြသော နေရောင်ခြည်ဒဏ်မှ ကင်းဝေးသွားသည်။

ဒီအခိုက်အတန့်ပဲ။ ဒါကအချိန်ကောင်းပဲ။
နာကျင်ခံခက်စေသမျှအရာအားလုံးကို မိနစ်အနည်းငယ်အတွင်း နိဂုံးချုပ် အဆုံးသတ်လိုက်ဖို့ရန် ပြီးပြည့်စုံသော အချိန်ကွက်တိကျမှုတစ်ခုပဲ။

ထိုထိုသော ပြတ်သားလှသည့်အတွေးစများနှင့်အတူ နောက်ဆုံးအနေဖြင့်မျက်စိကို အောက်သို့ ခပ်လေးလေးစိုက်ကာ ကြည့်လိုက်သည်။ ၉လွှာအမြင့်အောက်က သက်ရှိသက်မဲ့ အရာအားလုံးတို့၏ မြင်ကွင်းသည် သူ့ဖြစ်တည်မှုကဲ့သို့ပင် သေးနုပ်သိမ်ဖွဲလွန်းလှသည်။ အကြိမ်ကြိမ်အခါခါဆုံးဖြတ်ချက်ချထားနှင့်ပြီးသားဖြစ်ကာ မကြာခဏလည်း လက်တွေ့ကြိုးစားခဲ့ဖူးလေသော ဤအရာကို သေချာပေါက် မဖြစ်မနေလုပ်ပါတော့မည်ဆိုခါမှ ရင်ထဲတွင် တစ်လှပ်လှပ်တုန်ရီလာသည်။

လှောင်ရယ်တစ်ချက်ရယ်လိုက်ရင်း ကိုယ့်ကိုယ်ကိုယ် ခနဲ့လိုက်သည်။ သတ္တိနည်းလိုက်လေခြင်းရယ်လို့ သရော်လိုက်သည်။ အင်းစက်တစ်ကောင်လောက်တောင် အကျိုးမရှိသော ဖြစ်တည်မှုကြီးကို စွဲလန်းနေရလေးခြင်းရယ်လို့ ကိုယ့်ကိုယ်ကိုယ် မညှာတမ်း လှောင်လိုက်သည်။

ဘာမှသောက်သုံးမကျတဲ့ ဒီခန္ဓာကိုယ်ကြီးကို မက်မောနေတာ ဒီလောက်နဲ့ ရပ်သင့်ပြီ။

Arrogant Sunshine Where stories live. Discover now