လိပ်စာထဲက ကွန်ဒိုအောက်ရောက်တော့ တစ်ချက်မော့ကြည့်ပြီး Baekhyun တွေဝေမိသေးသည်။ ဒီတစ်ခါ နွံက နစ်ဝင်ပြီးလျှင် ပြန်ရုန်းထွက်ဖို့မလွယ်ကူတော့။
""မထူးပါဘူး နစ်လက်စနဲ့ရုန်းမနေတော့ဘူး အမြုပ်ခံလိုက်တော့မယ်""
တံခါးက ဘဲလ်တစ်ချက်နှိပ်ရုံနှင့်ပင် ပွင့်လာသည်။
Chanyeol က တံခါးလက်ကိုင်ဘုကိုမလွှတ်သေးဘဲ Baekhyun ဝင်လာလို့ရရုံ တစ်ကိုယ်စာ နေရာလွတ်ဖယ်ပေးလာသည်။
တဘက်အဖြူတစ်ထည်ခါးမှာပတ်ပြီး ဆံပင်ရေစိုတွေနှင့်မို့ ကြည့်ရသည်မှာ Chan Yeol အခုမှ ရေချိုးပြီးဖြစ်ပုံရသည်။ ကျစ်လစ်တောင့်တင်းတဲ့ခန္ဓာကိုယ်ဆီမှ အကြည့်မြန်မြန်လွှဲလိုက်ပြီး ဆိုဖာဆီ အပြေးဝင်ထိုင်လိုက်ရသည်။
တွေ့ရာ ရီမုကောက်နှိပ်ပြီး ကြုံရာ ချန်နယ် ကြည့်နေသော Baekhyun ကို Chan Yeol ကလည်း ဘာမှမပြောလာပါ။ အခန်းတစ်ခုထဲ ဝင်သွားကာ နာရီဝက်ကျော်လောက် ပြန်မထွက်လာတော့။
ခဏကြာမှ ဖုန်းပြောရင်း ပြန်ထွက်လာတော့သည်။ ခါးတွင်ပတ်ထားသော တဘက်အစား စတိုင်ပင် သျှားညိုရောင်က နေရာယူထားပြီး အားကစားလုပ်ထားသည့် ငေးမောချင်စရာ ခန္ဓာကိုယ်ကိုတော့ နက်ပြာရင့်ရောင် ဆွယ်တာတစ်ထည်က ကာထားပြီးတော့သည်။
""အင်း တံခါးဖွင့်ထားတယ် ဝင်လာခဲ့""
~ကျစ် ဘယ်သူတွေလာဦးမှာလဲ~
Baekhyun စိတ်ထဲက တွေးလိုက်မိခြင်းသာ။ အပြင်မှာတော့ ထုတ်မပြောရဲပေ။ အခုမှ ပြန်တွေ့ရတာကို ပိုင်စိုးပိုင်နင်းတွေပြောပြီး Chan Yeol စိတ်ကွက်အောင် မလုပ်ချင်ပေ။
ခဏကြာတော့ တံခါးကပွင့်လာသည်။ ရင်တထိတ်ထိတ်ဖြင့် လှမ်းကြည့်လိုက်တော့ အနီရောင်တီရှပ်ဆင်တူဖြင့် အမျိုးသားနှစ်ဦး။ လက်ထဲမှာလည်း Luggage နှစ်လုံးစီဆွဲလျက်ဝင်လာသည်။
Chan Yeol က တံခါးအနီးရှိ အခန်းကိုလက်ညှိုးထိုးပြတော့ ထိုလူနှစ်ယောက်က ခါးကိုင်းကာအရိုအသေပေးပြီး ထိုအခန်းထဲဝင်သွားကြသည်။ ထို့နောက်မိနစ်ပိုင်းအတွင်းပင်ပြန်ထွက်လာကာ အခန်းတံခါးဝတွင်ရပ်နေသော Chan Yeol ကို အရိုအသေထပ်ပေး၍ ထွက်ခွာသွားကြတော့သည်။ luggage တွေတော့ သူတို့နှင့် ပြန်မပါသွားတော့။