Unicode
အချိန်မစောတော့ပေမယ့် အအေးဓာတ်အနည်းငယ်ကကျန်နေသေးသည်။ အေးစက်နေသောဘယ်ဘက်လက်တစ်ဖက်ကို ဟူဒီအိပ်ကပ်ထဲထည့်ထားရသည်။ ဖုန်းစခရင်ကိုဖွင့်လိုက်တော့ စကြာဝဠာပုံ နောက်ခံပေါ်မှာ 9:30 ဆိုသည့်စာလုံးကထင်းနေသည်။ Chan Yeol က ထပ်ပြီးနောက်ကျပြန်ပြီ။
အိမ်ရှေ့မှာရပ်မစောင့်ချင်၍ လမ်းထိပ်က Mart ရှေ့နားမှာ ရပ်စောင့်နေခြင်းဖြစ်သည်။ ပိတ်ရက်မို့ ဒီလိုရပ်ကွက်ပေါက်စလေးရဲ့ လမ်းမပေါ်မှာတော့ လူကရှင်းနေသည်။ ဒူးဖုံးရုံသာရှိသော ဘောင်းဘီတိုလေးကြောင့် ခြေသလုံးဖြူဖြူလေးကထင်းနေသည်။ ခြေသလုံးမွှေးနည်းနည်းပေါက်ရင်ကောင်းမယ်လို့တွေးမိသည်။ ၁၈တောင်မပြည့်သေးတာမို့ အခုထိတော့ ငယ်ပါသေးသည်။
"Baek Hyun ..."
လှည့်ကြည့်တော့ အရင်တစ်ခါ နို့ဗူးပေးသည့် မိန်းကလေး၏ နွေးထွေးသောအပြုံးများဖြင့်ဆုံသည်။ မသိစိတ်မှ မရင်းနှီးတဲ့သူလို့သတ်မှတ်ထား၍လားမသိ နှုတ်ခမ်းတို့က လူမှုရေးအရပင် ပြန်ပြုံးမပြမိပါ။
"တစ်ယောက်ယောက်ကိုစောင့်နေတာလား"
ဒီတစ်ခါအမေးကိုတော့ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်သည်။ ခဏတဖြုတ်လေထုကတိတ်ဆိတ်ကာ သူမ မေးခွန်းတွေရပ်သွားပြန်သည်။ ဘာပြောရမလဲ စဉ်းစားနေတာများလား။ ဒီမိန်းကလေးက ဘယ်လိုဝါသနာပါလိမ့်။ ကျွန်တော်သာဆို မသိတဲ့သူကို စကားစပြောဖို့ အင်မတန်ဝန်လေးလွန်းသည်။
"ဟို ... "
ပွမ် ... ပွမ်
သူမက တစ်စုံတစ်ခုပြောဖို့ စကားစလိုက်စဉ်မှာ ကားဟွန်းသံ ၂ချက်ထွက်လာသည်။ အသံလာရာဆီကြည့်တော့ မှန်တင်မထားသည့် ကာမောင်းသူထိုင်ခုံမှ ကျွန်တော့်ကို လှမ်းကြည့်နေသော Chan Yeolပေ။ ကားဆီ ထော့နင်း ထော့နင်းဖြင့် ချိုင်းထောက်ကို အားကိုးကာသွားလိုက်သည်။ မောင်းသူဘေးက ခုံမှာထိုင်ဖို့ ကားတံခါးကိုဖွင့်လိုက်တော့ လော့မချထား။
"အိပ်ရာထနောက်ကျသွားတာ"
မမေးရပါဘဲ ထုတ်ပြောလာသော်လည်း ပြောတဲ့သူက Chan Yeol ဖြစ်နေ၍ ဖြေရှင်းချက်ရယ်လို့တော့ ခေါင်းစဉ်တပ်မရပါ။ ခေါင်းသာငြိမ့်ပြပြီး ခါးပတ်ပတ်လိုက်သည်။