Unicode
"ခဏဆိုတာ နှစ်လကျော်လောက်ကို ဆိုလိုမှန်းမသိခဲ့ဘူး"
"ကိုယ်အခုဒီမှာရှိနေပြီလေ"
အရွဲ့အစောင်းစကားကို မသိချင်ယောင် ဆောင်ကာ ပြုံးစစဖြင့်ပြောလာသည့် Chan Yeol ကြောင့် Baek Hyun ကပဲ စိတ်လျှော့လိုက်ရသည်။ နှစ်လကျော်လောက်တစ်ယောက်တည်းစိတ်ကောက်ခဲ့ရသမျှတွေက 'ကိုယ်ပြန်ရောက်ရောက်ချင်း မင်းဆီအရင်လာခဲ့တာ' ဆိုသည့် စကားလေးတစ်ခွန်းကြားရပြီးနောက် လေနဲ့မှုတ်ထုတ်လိုက်သလို တမုဟုတ်ချင်းလွင့်စင်သွားတော့သည်။
ပြန်ရောက်လာလို့ကတော့ အချိန်အကြာကြီးပစ်ထားလိုက်ဦးမယ်ဆိုပြီး လေတစ်လုံးမိုးတစ်လုံးတွေးထားသော်လည်း အခုတော့ Chan Yeol အခန်းမှာရောက်နေချေပြီ။ အချိန်အကြာကြီးအလုပ်ကြောင့် အဝေးမှာရောက်နေခဲ့သူက အခုပြန်ရောက်လာ့လည်း Laptop တစ်လုံးဖြင့်အလုပ်ရှုပ်နေပြန်သည်။
အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်ကြီးကို ချစ်မိမှတော့ ခံပေဦးတော့ Baek Hyun ရေ။ ချစ်တာတောင်မှ ကိုယ့်ဖက်ကပဲ ပေးနေရတဲ့ တစ်ဖက်သတ်အချစ်ဖြစ်နေသည်ကိုး။ မယ်မယ်ရရခေါင်းစဉ်တပ်မရတဲ့ ပတ်သက်မှုကို အားမလိုအားမရဖြစ်နေမိပေမယ့် ကိုယ်ချစ်ရတဲ့သူနဲ့ နီးနီးကပ်ကပ် နေခွင့်ရနေတာကိုက တော်တော်လေး ကံကောင်းနေပြီမလား။
"ဗိုက်ဆာပြီလား"
Chan Yeol မေးခွန်းကို ခေါင်းခါပြလိုက်ရင်း ပြတင်းပေါက်နားသွားရပ်လိုက်သည်။ အထပ်မြင့်မြင့်မှာတည်ရှိနေသောအခန်းမို့ မြို့မြင်ကွင်းကို သေချာရှင်းလင်းမြင်နေရသည်။ ရော်ရွက်လေးတွေဝါစပြုကာ လမ်းမလမ်းသွယ်အဖြာဖြာပေါ် ဝေ့ဝဲကြွေလွင့်နေကြသည်။
မြစ်ကိုဖြတ်၍တိုက်ခတ်လာသော လေညှင်းထဲမှာ မိုးနံ့မပါတော့သော်လည်း ရင်ထဲမှာအေးခနဲခံစားမိသည်။ ခပ်ဝေးဝေးမှာ မှိုင်းပျပျမြင်နေရသော တောင်တန်းကြီးတွေက လွမ်းမောချင်စရာကောင်းလွန်း၏။
ပြတင်းပေါက်ကိုနောက်ကျောပေးလိုက်ကာ ဧည့်ခန်းဖက်ဆီမျက်နှာမူလိုက်တော့ ဆိုဖာပေါ်ထိုင်နေသည့် Chan Yeol က ဖက်ဖူးစိမ်းရောင်ရှပ်လက်ရှည်ပျော့ကို တံတောင်ထိပြန်ခေါက်ဝတ်ထားသည်။ keyboard ထက်ဝယ် တဂျောင်းဂျောင်းပြေးနေသည့် Chan Yeol ရဲ့ လက်တစ်စုံပေါ်မှာ ထင်းနေသောသွေးကြောများများကို အဓိပ္ပာယ်မဲ့ ငေးနေမိသည်။