Unicode
လိုက်ကာတွေကိုသေချာဆွဲမပိတ်ထားတာကြောင့် နံနက်ခင်းနေရောင်ခြည်က မှန်ပြတင်းကိုဖြတ်လာပြီး Baek Hyun မျက်နှာကို ကလူကျီစယ်နေသည်။ ဆက်အိပ်ချင်နေသေးပေမယ့် ရှားရှားပါးပါးရထားတဲ့ Chan Yeol ရဲ့အားလပ်ရက်လေးကို အတူကုန်ဆုံးချင်တာကြောင့် လူးလဲထလိုက်ရသည်။
မျက်နှာသစ်ပြီးအခန်းပြင်ထွက်လာတော့ Chan Yeol က သူ့အရပ်အရှည်ကြီးကို ဆိုဖာပေါ်မှာကွေးလျက်အိပ်ပျော်နေသေးသည်။ လိုက်ကာတွေတဆုံးဖွင့်ပြီး ပြတင်းတံကားတွေကိုပါဖွင့်ချလိုက်တော့ အမြဲအလင်းနည်းခဲ့တဲ့အမှောင်ခန်းထဲသို့ နေရောင်ခြည်က အားရဝမ်းသာတိုးဝင်လာသည်။
"ဗိုက်ဆာလို့လား ... ဘယ်အချိန်ရှိနေပြီလေ"
နေရောင်ခြည်တွေကြောင့်နိုးလာရတဲ့သူက စိတ်ကြည်လက်ကြည်တော့ရှိပုံရသည်။ ခေါင်းခါပြလိုက်တော့ Chan Yeol က မျက်လုံးကိုပွတ်ရင်း အိပ်မှုန်စုံဝါးနှင့် သူ့ဖုန်းသူလက်လှမ်းနေသည်။
"၈နာရီပဲရှိသေးတယ် ... ဒီနေ့ ဘာလုပ်ချင်လဲ ပြော"
Chan Yeol အမေးကိုချက်ချင်းမဖြေဘဲ တစ်လှမ်းချင်းရွေ့ကာ ဆိုဖာပေါ်ကပ်ထိုင်လိုက်တော့ မျက်နှာကိုသေချာလိုက်ကြည့်၏။
"တစ်နေကုန်ခင်ဗျားနားမှာပဲနေချင်တယ်"
လက်ကိုလှမ်းဆွဲပြီးပြုံးရယ်လိုက်တော့ မျက်နှာမသစ်ရသေးတာတောင်တကယ်ခန့်ပါသည်။ Baek Hyun ကို ဆွဲဆောင်ထားနိုင်တဲ့ အချက်တွေထဲမှာ အဲ့မျက်နှာလေးက ရာခိုင်နှုန်းနည်းနည်းလောက်ပါသေးတော့ စိတ်ထဲကကျိတ်ရယ်မိသည်။
"အဲ့ဒါဆို စားချင်တာ အကုန်မှာလိုက် ... ကိုယ်တို့တစ်နေကုန် အိမ်မှာပဲနေတာပေါ့ ... အပင်တွေနဲ့"
"အိုခေ ... ဒါဆို မျက်နှာသွားသစ်တော့"
Chan Yeol မျက်နှာသစ်ပြီးထွက်လာတော့ သူ့ပန်းပင်တွေကို အရင်သွားကြည့်သည်။ ပုံစံက ပန်းချစ်တတ်တာ မယုံနိုင်စရာပင်။
"Cactus တွေက ရေအရမ်းဖျန်းလို့မရဘူး ... မြေခြောက်မှ တစ်ခါဖျန်းရတာ"
ပန်းတွေအကြောင်းစကားစလာတော့ ဆိုဖာပေါ်ကထကာ သူ့နားသွားရပ်လိုက်သည်။