အပိုင်း ၄

180 28 0
                                    

Unicode

  "lily ပန်းတွေ လာပို့တာပါ"

အုတ်နံရံတွင်မြှုပ်ထားသော စပီကာမှတစ်ဆင့် ပြောလိုက်သည့်စကားသံအဆုံးမှာ အညိုရောင်တံခါးကြီးက တဂျစ်ဂျစ်မြည်လျက်ပွင့်လာသည်။ အင်္ကျီအဖြူကို ဒူးအောက်အထိဖုံးသည့် စကပ်အနက်ရောင်ဖြင့်တွဲဝတ်ထားပြီး ဆံပင်များကို သေချာစုသိမ်းထားသော ခပ်ဝဝအန်တီကြီးက
ဖော်ရွေမှုသိပ်မပါသောပြုံးယောင်ယောင်မျက်နှာဖြင့် ပန်းစည်းကိုလှမ်းယူသည်။

   "ရှင်းပြီးသားနော် ကောင်လေး"

အန်တီကြီးကိုခေါင်းငြိမ့်ပြပြီး စက်ဘီးထောက်ကိုဖြုတ်ကာ လက်ကိုင်ကိုဘယ်ဖက်ကွေ့လိုက်သည်။ အိမ်က ကုန်းမြေအမြင့်ပိုင်းမှာရှိသည်မို့ အလာတုန်းက စက်ဘီးကို ချွေးစို့နေအောင်တွန်းပြီးတက်လာရသော်လည်း အပြန်တော့ အေးအေးဆေးဆေးလှိမ့်ဆင်းကာစီးသွားရုံပင်။ ညနေခင်းရဲ့လေပြည်အေးလေးတွေက မရှည်သောဆံပင်များကို ဝေ့ဝဲနေအောင် မထိတထိကျီစယ်သွားသည်။ ဝင်လုနီးနီးနေရောင်ခြည်က ခန္ဓာကိုယ်ပေါ် ရွှေရောင်ဇာပါးတစ်ထည်လွှမ်းထားသလို တလက်လက်ဖြစ်နေသည်။

မနက်အရုဏ်ဦးထွက်ပြူစနေခြည်နုနှင့် ညနေဆည်းဆာဝင်လုဆဲနေရောင်တွင် ဆည်းဆာချိန်ကို ပိုနှစ်သက်သည်။ မနက်ခင်းတွင် သူရိန်နေမင်းက လောကဓာတ်တစ်ခုလုံးအား တစ်နေကုန် အလင်းရောင်နှင့် အပူစွမ်းအင်ပေးနိုင်ရန် မငြီးမငြူ အားသွန်ခွန်စိုက်ထလာသည်။ ညနေခင်းတွင်တော့ မိုးကုတ်စက်ဝိုင်းပုခုံးစွန်းသို့မေးတင်ကာ ခဏတာအနားယူမှေးစက်လေသည်။  လူတွေရဲ့နိစ္စဓူဝသည်လည်း နေမင်းကြီးကဲ့သို့ပင်။ မနက်မိုးလင်းမျက်လုံးနှစ်လုံးပွင့်ပြီဆိုတည်းကရုန်းကန်လှုပ်ရှားသွားလာရင်း တစ်ဝမ်းတစ်ခါးအတွက်ကြိုးစားရှာဖွေလိုက်ရသည်မှာ နေဝင်ချိန်မှသာ ခေတ္တခဏအနားယူနိုင်တော့သည်။

အဆင်းမှာအရှိန်ပါလာသည့်စက်ဘီးက လမ်းပြေပြေပေါ်သို့ရောက်သည်ထိပင် တလှစ်လှစ်ပြေးနေသည်။ အိပ်ကပ်ထဲကဖုန်းမြည်သံကြောင့်ဘရိတ်ကိုအသာဆွဲကာ အရှိန်လျှော့လိုက်သည်။ ညာဘက်လက်ဖြင့် စက်ဘီးလက်ကိုင်ကိုကိုင်ပြီး ဘယ်ဘက်လက်ဖြင့် ဖုန်းကိုကိုင်ကာ တစ်ဖက်ကပြောသည်ကို သေချာနားထောင်နေရသည်။

Arrogant Sunshine Tempat cerita menjadi hidup. Temukan sekarang