(၆) - အတိတ်

514 27 0
                                    

လွန်ခဲ့သော ၁၄ နှစ်

"သားလေးကို ပြန်တောင်းပန်ရမယ် ခေတ်"

အရေးပေါ်ခန်း ရောက်ရသော အလင်းမျှင်လေး ပြန်ကောင်းလာလျှင် တောင်းပန်ရန် ဇေနိုင်ဦးမြတ် သတိပေးရ၏။ မျှင်လေး သည်လို ဖြစ်ရတာ မိမိ၏ ညီလေး အပြစ်မကင်းဟု ဇေနိုင်ဦးမြတ် ထင်သည်။ သို့သော် သမိုင်းဦးခေတ်က မဲ့ရွဲ့သည်။

"ခေတ်မှ မမှားတာ။ ဘာလို့ တောင်းပန်ရမှာလဲ။ ကလေးစုတ်ကို သွေးလှူပေးတာ တော်ရောပေါ့"

သမိုင်းဦးခေတ် မတောင်းပန်နိုင်ပါ။ ခွဲစိတ်ခန်းထဲ ဝင်ရစဉ် သွေးလိုသောကြောင့် အလင်းမျှင်နှင့် အေသွေး အမျိုးအစားတူသည့် သမိုင်းဦးခေတ်ကို ဇေနိုင်ဦးမြတ်က သွေးလှူစေသည်။ ကလေး၏ မိခင် ဖြစ်သူက ဘာကြောင့် မလှူတာလဲဟု မေးတော့ သွေးအမျိုးအစား မတူကြဘူးတဲ့လေ။ ကလေးစုတ်က အမည်မ‌ပေါ် ဖခင်အရင်းနှင့်သာ သွားတူနေပြန်သည်။ သမိုင်းဦးခေတ် မကျေနပ်ပြန်။ သို့သော် ဇေနိုင်ဦးမြတ်က အမှားပြင်ဆင်ဖို့ အခွင့်အရေးဟု ဆိုသဖြင့် မလှူချင်လှူချင်နှင့် လှူလိုက်ရသည်။

သွေးလှူလိုက်၍ အလင်းမျှင်လေး အသက်ဘေးက လွှတ်လာသောကြောင့် မသိစိတ်က ဝမ်းသာနေကြောင်း သမိုင်းဦးခေတ် မဝန်ခံချင်ပါ။ မိမိ၏ သွေးတွေက မုန်းရသော ကလေးစုတ်၏ ခန္ဓာကိုယ်ထဲ စီးဆင်းနေသည့် အတွက်လည်း သမိုင်းဦးခေတ် မုန်းမိရပြန်သည်။

နောက်တစ်နေ့တွင် အလင်းမျှင်လေး သတိရလာသဖြင့် ဆရာဝန်တွေက ရိုးရိုး ကလေးလူနာဆောင်တွင် ရွှေ့ပြောင်းပေး၏။ အစားမစားရဘဲ ဆေးကိုသာ ဆက်တိုက် ထိုးသွင်းခံရသဖြင့် အလင်းမျှင်လေး၏ ပါးဖောင်းလေးက အနည်းငယ် ပိန်ကျသွားသလို ဝတုတ်ကစ်သော ခန္ဓာကိုယ်လေးလည်း သေးသွား၏။ သို့သော် ကလေး သဘာဝအတိုင်း ခေါင်းမှာ ပတ်တီးဖွေးနှင့်လည်း ရွှင်ပျနေဆဲ။

"မေမေ နောက်တစ်စိတ်"

"ရပါမယ်၊ အာ..."

"အာ...Thank you Mommy!"

ကျေးဇူးတင်စကားဆိုပြီး အလင်းမျှင်လေးက ပန်းသီးကို တမြှံ့မြှံ့ ဝါးစား၏။ သန္တာမျိုးမှာ ပန်းသီးကို အရသာရှိရှိ စားနေသော ဆေးရုံဝတ်စုံနှင့် အလင်းမျှင်လေးကို ကြည့်ရင်း စိတ်မကောင်း ဖြစ်ရသည်။ တစ်ချိန်တည်း မိမိကိုယ်ကိုလည်း အပြစ်တွေ တင်မဆုံး။ ထိုနေ့က သန္တာမျိုး မကြည့်မိလို့၊ ဂရုမစိုက်မိလို့ အလင်းမျှင်လေး သည်လို အဖြစ်ဆိုးနှင့် ကြုံရတာ။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Место, где живут истории. Откройте их для себя