(၂၀) - ပစ္စုပ္ပန်

385 20 8
                                    

"မြစ်ဧရာ

မြသားငယ်တဲ့ ရေယမုန်
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျှောကြ ဒိုက်ပုံ။

ကျူဝါးရုံ
တူစုံကွဲဖော်နှော
ဘုံမတီးရယ်
ငှက်ကြီး ရွှေဝန်ပိုတို့
ဝဲခိုလို့မျှော"

ပြန်လည် မှတ်မိသော ငယ်စဉ်က သင်ခဲ့ဖူးသည့် မြန်မာ ကဗျာလေး တစ်ပုဒ်အား ရေရွတ်ရင်း တရိပ်ရိပ် လိုက်ပါလာသော ဧရာဝတီမြတ်ကို အလင်းမျှင် ငေးနေမိသည်။ ကဗျာထဲက ဖွဲ့ဆိုထားသည့် အတိုင်းပင် ဧရာဝတီမြစ်သည် အင်မတန် ကဗျာဆန်သည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု ဆိုစမှတ် ပြုကြသည့်အတိုင်း ဧရာဝတီမြစ်ကို မြင်သည်နှင့် အလင်းမျှင်မှာ ကျေးဇူးတင်လာမိကာ ချစ်ခင် တွယ်တာမိသည့် စိတ်က တားမရ၊ ဆီးမရ။ ဘယ်ဘဝက ရေစက်တွေကြောင့် သူ သည်မြစ်ကို သိပ်တွယ်တာမိသနည်း။

ယနေ့ အလင်းမျှင်သည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီတိုင်းတွင် ဘဝကို ဇာတ်မြှပ်နေထိုင်နေသော ဦးစိုးတင်ဆီ သွားတွေ့ရန်ပင်။ မာမီတို့၏ စုံစမ်းချက်အရ ဦးစိုးတင်သည် ပန်းတနော်မြို့လေးမှာ တံငါသည်ဘဝနှင့် နေနေသည်တဲ့။ ဤသည်ကို သိရချင်း အလင်းမျှင်သည် မျက်ရည်လည်မတတ် ဝမ်းသာမိကာ ကျေးဇူးရှင်အား အရောက် သွားတွေ့ရန် မာမီ့ကို ပူဆာပါတော့သည်။ မာမီလည်း မတား။

သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရုန်းကန် လှုပ်ရှားနေသော မြို့ခံများ၊ မြို့၏ အလှအပများကို အလင်းမျှင် ငေးကြည့်လာသည်။ အဲလ်ကွန်းမပါသော ကားအငှားကိုသာ စီးလာရသဖြင့် အဆင် သိပ်မပြေလှ။ အတော် အိုက်၏။ အစပိုင်းက အလင်းမျှင် သည်းခံနိုင်ပေမဲ့ ကြာလာသောအခါ ချွေးစေးတွေပါ ထွက်လာသဖြင့် လောင်းကုတ်ကို ချွတ်ထားလိုက်သည်။

ကားဆရာက အလင်းမျှင်အား တစ်ချက် ကြည့်လာသည်။ သို့သော် ဘာမှ မပြော။

များမကြာမီ လိုရာခရီးသို့ ရောက်သွား၏။ ဦးစိုးတင်သည် ပန်းတနော် မြို့ပေါ်မှာ မဟုတ်ဘဲ မြို့အတွင်းက ဧရာဝတီ မြစ်ကမ်းရှိ တံငါရွာလေး တစ်ရွာတွင် နေထိုင်ခြင်းပင်။ မာမီပေးသော လိပ်စာ စာရွက်အတိုင်း အလင်းမျှင် ဝင်လာရာ ဓနိအမိုးဖြင့် ပြုလုပ်ထားသော အိမ်ကို တွေ့ရ၏။ အိမ်သည် ပုပြီး သေးသည်။ အိမ်လေးသည် တိတ်ဆိတ်နေသည်။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Onde histórias criam vida. Descubra agora