နောက်တစ်နေ့ မနက်ရောက်တော့ အလင်းမျှင်သည် မာမီတို့ကို ဖုန်းဆက်သည်။ ချောင်းဆိုးသည်မှလွှဲ အဖျားမရှိ။ မနေ့က ရေစိုပြီး အအေးမိသွားပုံ။
"နေကောင်းရဲ့လား မာမီ၊ အဟွတ်!"
စကားတစ်ခွန်းဆိုတိုင်း ချောင်းက လေးငါးခါမျှ ဆိုးနှင့်ပြီ။ ချောင်းဆိုးလွန်းလို့ အလင်းမျှင် ဗိုက်ကြောတွေပါ နာလာပြီ။ လက်ကိုင်ပဝါနှင့် အုပ်ထားပြီး ချောင်းတဟွတ်ဟွတ် ဆိုး၏။ အသံကို မာမီတို့ ကြားရသဖြင့် စိုးရိမ်စွာ မေးလာတော့သည်။
"မာမီတော့ နေကောင်းတယ်ကွယ်။ သားလေး ချောင်းတွေ ဆိုးနေတယ်။ မာမီ လာခဲ့ရမလား"
"ရ ရပါတယ် မာမီ။ ဒီမှာက မြစ်လေနဲ့ နေသားမကျသေးလို့ အအေးနည်းနည်း မိထားရုံပါ။ သား ဆေးသောက်ထားတယ်။ သား ကိုယ့်ကိုယ်ကိုယ် ပိုစောင့်ရှောက်ပါ့မယ်"
"အေးကွယ်၊ မြန်မြန် သက်သာလာပါစေကွယ်"
မာမီက စကားအများကြီး မပြောတော့ဘဲ သက်သာရန်သာ ဆုတောင်းပေးသည်။ မာမီ့စကားတွေက အလင်းမျှင်ကို အမြန် ပြန်လာစေချင်ပေမဲ့ ဦးခေတ်၏ အနားမှာသာ နေမည် ဖြစ်ကြောင်း အလင်းမျှင်က ပွင့်လင်းစွာ တောင်းဆိုသဖြင့် မာမီ ခွင့်ပြုပေးရတော့သည်။
နဂိုကတည်းက အလင်းမျှင်အပေါ် အပြစ်ရှိသည်ဟု ခံစားရသည့် မာမီက အလင်းမျှင် မည်သို့ တောင်းဆိုပါစေ လိုက်လျောပေးဖို့ အဆင်သင့်။ ယခုလည်း သူမ အထင်လွှဲပြီး မုန်းတီးခဲ့သည့် ဦးခေတ်ကို အလင်းမျှင်က ချစ်ပြီး မိသားစုထဲသို့ ရအောင် ခေါ်လာမည်ဟု ဆိုသောအခါမှာ မာမီမှာ သက်ပြင်း ချရုံမှတစ်ပါး။
"မာမီလည်း အပြစ် မကင်းခဲ့ပါဘူးကွယ်။ သားလေး တကယ် ချစ်ရင် ရအောင်ခေါ်လာခဲ့။ မာမီတို့ ကြိုဆို နေမယ်"
လက်ခံလာသော မာမီ့စကားကြောင့် အလင်းမျှင် ဝမ်းနည်းဝမ်းသာ ဖြစ်ရသည်။
"ကျေးဇူးတင်ပါတယ် မာမီ။ ကျေးဇူး တင်ပါတယ်"
ထိုစကားကို အခါခါ ဆိုရင်း မျက်ရည် ကျသည်အထိ အလင်းမျှင် ဝမ်းသာရသည်။ ဦးခေတ်ကို ပြန်ခေါ်လာနိုင်သော စိတ်ကူးကို တွေးမိတိုင်း ထခုန်ကာ အော်ဟစ် ပျော်မြူးမိသည်။ အားလုံး အဆင်ပြေ သွားပြီ။ ဒယ်ဒီဆို မာမီပြီးလျှင် ပြီးသည်။ ဦးခေတ်ကို မာမီတို့ သဘောတူပြီ။ ထို့ကြောင့် ခေါ်လာရန် အလင်းမျှင် အချိန် မဆွဲသင့်တော့။
BẠN ĐANG ĐỌC
ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}
Lãng mạnUnicode "ကိုယ့်အစ်ကိုရင်းရဲ့ မိသားစုကိုတောင် ဖျက်ဆီးရဲတဲ့ ခင်ဗျားလို လူယုတ်မာကို ကျုပ် သောက်ရမ်း မုန်းတယ် သမိုင်းဦးခေတ်" အလင်းမျှင် "ချစ်ဖို့ထက် မုန်းဖို့ ပိုလွယ်တဲ့အတွက် မင်း ငါ့ကို တစ်သက်လုံး မုန်းသွာ...