(၁၉) - ပစ္စုပ္ပန်

393 20 8
                                    

ပြုံးနေသော သမိုင်းဦးခေတ်၏ ခန္ဓာကိုယ်သည် လေထဲတွင် လွှင့်နေသဖြင့် ပေါ့ပါးနေ၏။ နောက်ဆုံး အနေဖြင့် ချစ်ရသော ကိုကြီး၊ သန္တာမျိုးနှင့် အလင်းမျှင်တို့၏ မျက်နှာကို မြင်ယောင်ရင်း မျက်လုံးကို စိတ်ချစွာ မှိတ်ပစ်သည်။ လေသည် တဟုန်းဟုန်း ခွင်းဝင်လျက်။

နောက်ဆုံးတော့ သူ လွှတ်မြောက်နိုင်ခဲ့ပြီ။ အနှောင်အဖွဲ့ကြားမှ လွှတ်မြောက်နိုင်ခဲ့ပြီ။ အလင်းမျှင် အပေါ် အပြစ်ရှိသလို မခံစားရတော့။ သူ လွှတ်မြောက်ခဲ့ပြီ။ ဤသည် သေခြင်းတရား။ သေခြင်း တရားပေတည်း။

တတောက်တောက် လောင်ကျွမ်းသွားသော အဝေးပြေး ကားကြီးသည် တောင်စောင်းအောက်သို့ တဝုန်းဝုန်း လိမ့်ကျလျက်။

မှောင်မည်းနေသော တိမ်စိုင်တွေက စုလိပ်တက်လာသဖြင့် မိုးသည် ဝုန်းခနဲ ရွာချသည်။ ကောင်းကင်ပြင်သည် မှောင်အတိ ကျသွား၏။ ပတ်ဝန်းကျင်လည်း တရိပ်ရိပ် မည်းကျသွားလျက်။

ဤသို့ ခြောက်ခြားဖွယ် ကောင်းသော ပတ်ဝန်းကျင်တွင် တစ်ဦးတည်း ရပ်နေသော အသက် ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ဦး။ ထိုကောင်လေးသည် တောင်ကမ်းပါးစွန်း တစ်ခုတွင် ရပ်နေကာ လိမ့်ကျသွားသော ကားကြီးကို ယူကျုံးမရ ကြည့်နေသည်။ တားဆီးချင်လှသဖြင့် လက်ကို အမြန် လှမ်းလိုက်၏။ သို့သော် အနှီကောင်လေးသည် ရုံရှင်ထဲက တန်ခိုးရှင်များ မဟုတ်သည့်အတွက် စိတ်ဆောင်သည့်အတိုင်း မလုပ်နိုင်ခဲ့ပါ။

"ဦးခေတ်!!"

ရင်ကွဲနာကျစွာ အော်ဟစ်ကာ ထိုနေရာတွင်ပင် ဘိုင်းခနဲ ဒူးထောက် လှဲကျသွား၏။ သည်းနေသော မိုးရေကြား သူသည် ကြွက်စုတ် ဖြစ်သွားလေပြီ။ မေးကျွံမတတ် ခိုက်ခိုက်လည်း ချမ်းတုန်လာလေပြီ။ သို့သော် သူ မမှုပါ။ သူ သိသည်က ချောက်နက် ကမ်းပါးထဲ လိမ့်ကျသွားသော ကားကြီးထဲ သူ့ဦးလေး ပါသွားသည်ကိုပင်။

မုန်းရသော ဦးလေးက အဘယ်ကြောင့် သူ့ကိုပါ မခေါ်သွားရသနည်း။ မုန်းရသည့် ရန်သူတွေက တမလွန်ထိ ခေါ်သွားပြီး ပြိုင်ဖက် အလင်းမျှင်ကို နှိပ်စက်သင့်သည်လေ။ အဘယ်ကြောင့် သူသာ ခိုးသွားရသနည်း။ မတရားပါ။ သမိုင်းဦးခေတ် မတရားပါ။

ပိတ်သားမပါသော ပန်းချီကား (U/Z) {Completed}Donde viven las historias. Descúbrelo ahora