ရုတ်တရက်ထထွက်သွားသောလူကြီးမင်းကို ဟိုဆော့ဆွံ့အစွာကြည့်နေရင်း နိုယူ၏အသံကြားမှအသိပြန်ဝင်လာလေ၏။
"မောင် သူကဘယ်သူလဲဟင် "
"မောင့်အလုပ်ကစီနီယာပါ။Marketingအတူဆင်းပြီး နေ့လယ်စာလာစားတာ"
"အဲ့ဒါဆို မင်းကကင်မ်ထယ်ယောင်းရဲ့ဂျူနီယာပေါ့"
လူကြီးမင်းထိုင်သွားသောနေရာတွင်ဝင်ထိုင်ကာ သူ့ကိုပြုံးယဲ့ယဲ့နှင့်မေးလာသောချွဲဂိုယူကိုဟိုဆော့ခေါင်းသာညိတ်ပြဖြစ်သည်။ချွဲဂိုယူကိုမြင်သည်နှင့် ဒေါသထွက်သွားမှန်းသိသာကာထထွက်သွားသောလူကြီးမင်းကြောင့် ခုချိန်တွင် ဟိုဆော့ ထိုအရှုပ်ထုပ်မိန်းမအားသိပ်မကြည်ချင်။မှာထားသောအစားအစာများကိုလည်းပါဆယ်သာယူလိုက်ကာ နိုယူကိုနှုတ်ဆက်၍ ဆိုင်ထဲမှထွက်လာလိုက်တော့သည်။
ဟိုဆော့ သူ့လက်ထဲမှလိပ်စာကဒ်အားကြည့်၍ ဆုံးဖြတ်ချက်ချလိုက်ပြီး တက္ကစီတစ်စီးငှားကာ လိပ်စာထဲမှကွန်ဒိုဆီသွားလိုက်သည်။ကွန်ဒိုအားမော့ကြည့်၍ မတတ်နိုင်ဘူး ရောက်လာပြီးပြီပဲဟုတွေးကာသက်ပြင်းချလျက် တက်လာလိုက်သည်။
ဘဲလ်တီးလိုက်သော်လည်း လာမဖွင့်ပေးသောကြောင့် ဟိုဆော့၏မျက်ခုံးတန်းနှစ်သွယ်သည်အလယ်သို့စုကျုံ့လာကြကာ နှုတ်ခမ်းကိုရွဲ့၍ နောက်ဆုံးတစ်ခေါက်အနေနှင့်ဘဲလ်ခလုတ်ကိုနှိပ်လိုက်တော့ ခဏအကြာ ပွင့်လာသောတံခါးနှင့်အတူ မြင်လိုက်ရသောမျက်နှာချောချောသည် နီမြန်းလျက်။သူ့ကိုမြင်သည်နှင့် မျက်နှာလွဲသွားကာ အထဲပြန်ဝင်သွားသောလူကြောင့် ဟိုဆော့လည်းအမြန်လိုက်ဝင်လိုက်ကာ လက်ထဲမှအထုပ်များကိုစားပွဲပေါ်သို့အသာချ၍ ချောင်းဟန့်ကာ
"အဟမ်း!! လူကြီးမင်း အဆင်ပြေရဲ့လား"
အဝတ်မလဲရသေးမှန်းသိသာအောင်ပင် သူနှင့်အတူမြို့ပတ်ခဲ့သော မီးခိုးရောင်ရှပ်အင်္ကျီအကွက်နှင့်အနက်ရောင်ဘောင်းဘီကိုသာဝတ်ဆင်ထားသောသူ။
"ချွဲဂိုယူနဲ့ မင်း ဘယ်လိုပတ်သတ်နေလဲ"
အစကတည်းကအသံဩဩကို ဒေါသများနှင့်ပေါင်းစပ်ကာချုပ်တည်းထားရသောအသံနေအသံထားသည် တကယ်ကိုပဲဆွဲဆောင်မှုရှိလွန်းသည်။
'လူကြီးမင်းက နှစ်ချို့ဝိုင်နဲ့တူတယ်။ပြင်းရှရှလေး။'