"အဖွဲ့မှူး ဒီဇိုင်းဌာနကိုဒီအမှာစာေလးMailပို့ပေးနော်"
အသံကြားတာနှင့် ဟိုဆော့၏ခေါင်းသည် ထောင်လာပြီး လှမ်းကြည့်မိသည်။ထယ်ယောင်းကတော့ မှာစရာရှိတာတွေမှာနေကာ ဟိုဆော့ကြည့်နေခြင်းကိုမသိ။
'လူကြီးမင်းကချောလိုက်တာ'
ကော်ဖီရောင်ရှပ်အင်္ကျီအား မီးခိုးရောင်suitနှင့်ဝတ်ထားပြီး နက်ခ်တိုင်ကအစသေသပ်နေသောပုံစံမှာ နေ့စဉ်မြင်နေကျပုံစံဖြစ်သော်လည်း ဟိုဆော့မျက်လုံးထဲအထူးကြည့်ကောင်းနေခဲ့သည်။ဆံပင်အားလုံးလှန်တင်ထားသောကြောင့် ချောမောသောမျက်နှာကရှင်းလင်းနေကာ အပြစ်အနာဆာတစ်ချက်လေးပင်မရှိ။
ဟိုဆော့ကြည့်နေစဉ် ထယ်ယောင်းသည်အဖွဲ့မှူးကိုနှုတ်ခမ်းတွန့်ရုံပြုံးကာနှုတ်ဆက်ပြီး ကြည့်နေသောသူဘက်လှည့်လာသောကြောင့် ဟိုဆော့၏ပန်းသီးအကြွင်းလေးသည် အပေါ်အောက်စုန်ဆန်သွားရ၏။
ဟိုဆော့ကြည့်နေတာကိုမြင်တာနှင့် မျက်မှောင်ကျုံ့ကာ သူ့ဆီလျှောက်လာသောပုံစံမှာ အလွန်စမတ်ကျကာကြည့်ကောင်းလွန်းသောကြောင့် ဟိုဆော့နှလုံးသားလေးခုန်ပေါက်လာရသည်။'ဒီလောက်တောင်ချောရဲ့သားနဲ့ အကျင့်လေးပါကောင်းရင်ပိုချစ်မိမှာပဲ'
စိတ်ပေါက်ပေါက်နှင့် ခေါင်းလေးခါကာတွေးနေစဉ်
"ဂျောင်ဟိုဆော့ မင်းလိုက်ချင်လား"
အလုပ်သင်ဆိုပြီးခေါ်နေကျမို့ နာမည်ခေါ်လိုက်သံသည် ဟိုဆော့နှင့်စိမ်းသက်နေသလိုပင်။
ပြီးမှ လိုက်ချင်လားမေးလာသူကို ပြန်မော့ကြည့်တော့ သူ့ကိုကြည့်၍ပြုံးနေသောကြောင့် နှလုံးသားလေးမှာ နတ်ကနားပွဲရောက်သွားရတော့သည်။ခုံပေါ်လက်ထောက်ကာ ထယ်ယောင်းကိုမော့ကြည့်နေသောဟိုဆော့နှင့် မလှမ်းမကမ်းတွင်ရပ်ကာ ဟိုဆော့ကိုပြုံးကြည့်နေသောထယ်ယောင်းကိုကြည့်ပြီး အထွေထွေရုံးခန်းမှဝန်ထမ်းများသည် ပြုံးပြုံးကြီး။သူတို့စိတ်ထဲတွင် အနှီးအနေအထားသည် ရုံးတွင်းဒရာမာတွေလိုပင် ရင်ခုန်ကြည်နူးစရာကောင်းနေ၏။