Part - 3 (Unicode)

3.4K 266 1
                                    

ဆောင်းအငွေ့အသက်တို့ကို သယ်ဆောင်လာသော လေနုအေးက မျက်နှာထက်တွင် ဖြတ်သန်းသွားသည်။

ရန်ကုန်မြို့ရဲ့ ဆောင်းရာသီက အေးလွန်းလှသည် မဟုတ်ပေမဲ့ ဆောင်းရာသီဆိုတဲ့ အသိဟာ ရင်ထဲမှာ ကြည်နူးသွားစေသည်။ အသိအမှတ်ပြုသူ များများစားစား မရှိပေမဲ့ ဇန်နဝါရီလတွင် ပန်တျာ့ မွေးနေ့ရှိသည်။ ဆောင်းရာသီဖွား ပန်တျာ့အတွက်တော့ ဆောင်းရာသီကို နှစ်သက်လွန်းသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အလုပ်သင်ဆင်းနေရပြီမို့ တနေကုန် အလုပ်သင်ဆင်းရ၊ ညဘက်ဆို စာလေ့လာရနဲ့ ဒီလပိုင်းမှာ ယားရင်တောင် ကုတ်ချိန်မရှိသလောက်ဖြစ်နေ၏။ ကျက်ထားသမျှကို လက်တွေ့ သင်ယူရချိန် Postingကျကာစမို့ လူက စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်။

အလုပ်ပြီးသော်လည်း သပ်ရပ်စွာ ခေါက်ထားတဲ့ ဂျူတီကုတ်ကို ပုခုံးထက်တွင် တင်၍ အေးမြလတ်ဆတ်သော လေကို ရှူသွင်းလိုက်မိ၏။

အမှားလုပ်မိမှာစိုးတဲ့ စိတ်နဲ့ ဆေးရုံထဲမှာဆို အသက်ပင် ရဲရဲ မရှူရဲတာမို့ ဆေးရုံအပြင်ရောက်တော့ အသက်ရှူလေ့ကျင့်ခန်းပင် လုပ်နေမိ၏။ ဆေးရုံအနံ့အသက်ကင်းပေမဲ့ ကားအသွားအလာများတဲ့ ရန်ကုန်မြို့ရဲ့ လေထုက ထင်သလောက်တော့ လတ်ဆတ်မှု့ မရှိပေ။

လူနာရှေ့ မဟုတ်ဘူးဆိုတဲ့ အသိနဲ့ ညောင်းကိုက်နေတဲ့ အကြောအချဥ်တွေကို ဆန့်ထုတ်လိုက်မိ၏။ ထိုစဥ် ဇာတ်ပိုးကို ခပ်ဆတ်ဆတ် တစ်ချက် ရိုက်ခံလိုက်ရသည်။

"စွမ်းထက်အောင်"

"ဟဲဟဲ လာကြိုတာ လာ ပြန်ကြစို့"

အတပ်သိနေသလို ပန်တျာ့နှုတ်ကလည်း နာမည်ခေါ်ပြီးသားပင်။ စွမ်းထက်အောင်က ပန်တျာ့ဘဝအတွက် ဒုတိယမြောက် သူငယ်ချင်းဆိုလည်း မမှားပေ။

မထင်မှတ်ထားတဲ့ အစီအစဥ်တစ်ခုကြောင့် အဝေးသင်တက်မယ်ဆိုတဲ့ ပန်တျာက ရန်ကုန် ဆေးတက္ကသိုလ် (၁)မှာ တက်ဖြစ်ခဲ့ပြီး ဆရာဝန်လောင်းဖြစ်လာခဲ့သည်။ ပန်တျာပင် အလုပ်သင်ဆင်းနေပြီမို့ အချိန်အတိုင်းအတာ တစ်ခု ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ပြန်တွေးတိုင်း မနေတစ်နေ့ကလို အတိတ်တွေက လတ်ဆတ်နေဆဲပင်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now