Part - 15 (Unicode)

2.4K 181 4
                                    


ဆိုင်ထဲတွင် ငူငူကြီး ရပ်လျက် ကျန်နေခဲ့တာသည် သူမ တစ်ယောက်တည်းသာ။ ပြောခံရသမျှ စကားတွေကို ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ သားငယ်သည် ပန်တျာဦးအား ဆွဲခေါ်ကာ ဆိုင်ထဲမှ ထွက်သွားသည်။

ပြန်တုံ့ပြန်နိုင်ရန် စကားလုံးဟူ၍လည်း သူမမှာ ရှိမနေ။ ပြောသမျှ စကားတွေသည် တကယ်လည်း အမှန်တွေဖြစ်နေသည်လေ။ ဆိုင်ထဲမှ စူးစမ်းနေကြသူတွေရဲ့ အကြည့်တွေကလည်း ထွက်သွားတဲ့ ကောင်လေးနှစ်ယောက်ကို တစ်လှည့်
ငူငူငိုင်ငိုင်နဲ့ ကျန်ခဲ့သည့် သူမကို တစ်လှည့် ကြည့်နေသည်။

အခြေအတင် ပြောကြဆိုကြသည်ကိုကြည့်ခြင်းဖြင့် သုံးယောက်ရဲ့ ဆက်နွယ်မှု့ကို သိကြရောပေါ့။ ဘယ်သူမှ မသိကြတာက သူမရင်ထဲက ခံစားချက်ကိုပင်။

သည်ကလေးကို မြင်တိုင်း ခံစားရတဲ့ သူမခံစားချက်ကို နားလည်ပေးနိုင်တဲ့သူ မရှိဘူးလား။ ကြည်ဖြူခြင်း၊ ချစ်ခင်ခြင်းမပါတဲ့ အတင်းအဓမ္မဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူအများတံတွေးခွက် ပက်လက်မျောခဲ့ရတဲ့ သူမကရော နာကျင်ပိုင်ခွင့်၊ နာကြည်းပိုင်ခွင့် မရှိဘူးလား။ ကိုယ်ရင်က ပေါက်ဖွားလာတဲ့ သွေးသားရယ်လို့ ဖြစ်လာတဲ့အခါ မိခင်တိုင်းက ချစ်မေတ္တာ သက်ဝင်ကြတာပါပဲ။ ချစ်ကြည့်ဖို့၊ ကြည်ဖြူဖို့ ကြိုးစားမိတိုင်း ရှုပ်ထွေးလာတဲ့ အတွေးတွေ၊ နာကျင်လာတဲ့ ဒဏ်ရာဟောင်းတွေဟာ မကောင်းခဲ့တဲ့ အတိတ်ကို ပြန်တူးဆွပြန်သည်။

အချိန်အတော်ကြာသည်အထိ မလှုပ်မယှက်ဖြင့် သူမအဖြစ်သည် အားအင်ကုန်ခမ်းသွားသည့် လူတစ်ယောက်နှယ် ။

--------------

မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေသည် နှစ်ယောက်ကြားက အဆင်ပြေနေသည့် ဆက်ဆံရေးကို သူစိမ်းတွေကဲ့သို့ ဖြစ်သွားစေသည်။

ဆေးရုံဝန်းထဲမှာကြောင့်လား၊ သိလိုက်ရတာကို မယုံကြည်နိုင်သေးတာကြောင့်ပဲလား ယခုထိ ဝုန်းဒိုင်းကြဲ ပြဿနာရှာတာမျိုး မပြုလုပ်ပေ။ ထိုအရာကပင် စက်ဝိုင်းအား ပိုလို့ စိတ်ပူလာစေသည်။ ယခုလို ငြိမ်သက်နေမဲ့အစား ထိုးနှက်ပြီး ပြောချင်တာ ပြောလိုက်တာမှ ဟုတ်ဦးမည်။ ဆေးရုံထဲ ပြန်မသွားစေဘဲ ကားဆီ ဆွဲခေါ်လာတော့လည်း ငြင်းဆန်ခြင်း အလျဥ်းမရှိ။ စက်ဝိုင်းနောက်က ပါလာသည်။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now