Part - 16 (Unicode)

2.4K 190 2
                                    


ကလေးတွေ၏ စာကျက်ခန်းဝင်ချိန်ဖြစ်၍
ဂေဟာအတွင်း စာအံသံလေးတွေက ညအချိန်တွင် သာယာစွာထွက်ပေါ်နေသည်။ အများအမြင်မှာတော့ ကလေးတွေ နားပူတယ်လို့ တွေးနိုင်ပေမဲ့
ဂေဟာက ကြီးပြင်းလာတဲ့ ပန်တျာ့အဖို့တော့ ချစ်စရာကောင်းပြီး ဖြူစင်တဲ့ကလေးတွေရဲ့ ကြိုးစားမှု့လို့မြင်ပြီးသဘောကျသည်။

လပြည့်ညဖြစ်တာကြောင့် ပန်တျာထိုင်နေရာ တမာပင်ဝိုင်းသို့ လရောင်သည် ဖြာကျနေလေ၏။  ဒေါသကြောင့် ဂေဟာဆီ ထွက်လာတဲ့နေ့ကစ၍ မပြန်ဖြစ်တာ တစ်ပတ်ရှိပြီ။ ပြန်လာခေါ်မဲ့သူလည်း မရှိပေ။ သူလည်း ယောကျာ်း ကိုယ်လည်း ယောကျာ်း လာချော့ဖို့ ဘာကြောင့်များမျှော်လင့်မိသလဲလေ။ ပန်တျာက မည်သူတစ်ဦးတစ်ယောက်အတွက်မှ အရေးမပါတဲ့သူပါလားလို့ တွေးမိတော့ အမှန်တရားသည် ရင်ဘတ်ထဲသို့ အပ်ဖြင့် လာထိုးသည့်နှယ် တဆစ်ဆစ် နာကျင်လာရသည်။

"သားငယ်လည်း မကြာခင် ဘွဲ့ယူရတော့မယ်။ အလုပ်သင်ဆင်းနေတာကရော အဆင်ပြေရဲ့လား"

ငေးငေးငိုင်ငိုင်ဖြစ်နေသည့် ပန်တျာ့အနားကို မေမေကြီး ရောက်လာသည်။ အသက်အရွယ်တစ်ခု ရောက်လာသော်လည်း ပါရမီဂေဟာရဲ့ မိခင်ကြီး ဒေါ်ခင်စောကြူသည် ကလေးအားလုံးအပေါ်ကျောသား၊ရင်သား မခွဲခြားဘဲ  စိတ်ကောင်း၊ စေတနာကောင်းဖြင့် အုပ်ချုပ်ပြီး ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်နေဆဲပင်။

"ပြေပါတယ် မေမေကြီးရဲ့"

"အဆင်ပြေလို့တော်သေးတာပေါ့ ။ရောက်လာကတည်းက မျက်နှာမကောင်းလို့ မေမေကြီးဖြင့် စိတ်ပူနေတာ။"

ဂေဟာမှာ အုပ်ချုပ်နေရတဲ့ ကလေးတွေအတွက်သာမက ကျောင်းပြီး အတောင်အလတ်စုံလို့ ပျံထွက်သွားပြီဖြစ်တဲ့
ကလေးတွေအတွက်ပါ လိုက်စိတ်ပူပေးတဲ့ မေမေကြီးရဲ့ မေတ္တာကတော့ မချီးကျူးဘဲ မနေနိုင်။ ဒါတောင် ကိုယ့်ဝမ်းက ထုတ်မွေးထားတဲ့ ကလေးတွေ မဟုတ်သေးဘူး။ ကမ္ဘာပေါ်က မိခင်တိုင်းမှာ ဒီလိုမေတ္တာတရားရှိရင် မိဘမဲ့ဂေဟာတွေဆိုတာ ရှိလာပါ့မလား။ အခြေအနေအကြောင်းကြောင့်ဆိုသူတွေကို မဆိုလိုပေမဲ့ ဘာအခက်အခဲမှမရှိလဲ ကိုယ့်တစ်ဘို့တည်း ကြည့်ပြီး ပစ်သွားတဲ့ မိဘတွေကိုလည်း တကယ်အံ့သြသည်။ ကိုးလလောက် ကိုယ့်ဗိုက်ထဲမှာ ရှင်သန်လာတဲ့ကလေးရဲ့ ငိုသံကိုကြားပြီး မိခင်စိတ်ဆိုတာ မဝင်မိလေသလား။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now