Part - 19 (Unicode)

2.9K 189 0
                                    

ကလေးတွေကြား ပျော်မြူးနေတဲ့ မောင်သည် အသက်နှစ်ဆယ့်လေးနှစ်ပြည့်ပြီးသား အမျိုးသားနဲ့ မတူဘဲ ကလေးတစ်ယောက်လိုဖြစ်နေသည်။

သည်ကနေ့ နှစ်ယောက်လုံး အလုပ်အားတာတာမို့ ပန်တျာရော မောင်ပါ ဂေဟာသို့
ရောက်နေကြခြင်းပင်။ ကလေးတွေကလည်း မောင့်နည်းတူ လေဟာနယ်ထဲသို့ လက်သီးပစ်သွင်းလိုက်၊ ခြေကို လွှဲကန်လိုက်နှင့် လုပ်နေကြသည်။

"ငေးလှပါလား အမောင်ပန်တျာဦးရယ်"

အသံနှင့်အတူ အနားသို့ ရောက်လာတာသည် မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူ ရဝေလင်းဟိန်းပင်။ ပန်တျာထက် ကျောင်းစောပြီးတဲ့ ရဝေက တာဝန်ကျရာ မြို့လေးမှာ သွားနေရင်း ရန်ကုန်နှင့် အလှမ်းဝေးနေခဲ့ခြင်းကြောင့် ကျောင်းရက်ရှည်ပိတ်မှသာ တွေ့ရတတ်သည်။

"သတင်းတွေ ကြားပါတယ်။ မျက်မြင်တွေ့မှပဲ ယုံရတော့တယ်။ မင်းစက်ဝိုင်းရဲ့ နှစ်ရှည်စီမံကိန်းက အောင်မြင်သွားသားပဲ"

ရှက်ပြုံးလေးပြုံ၍ ရဝေ့အား ခေါင်းညိတ်ပြလိုက်သည်။ ဂေဟာကို စရောက်ကတည်းက ရဝေသည် ပန်တျာ့အတွက် သူငယ်ချင်းကောင်းဖြစ်ခဲ့သလို အထက်တန်းကျောင်းသားဘဝတွင်လည်း တစ်ဦးတည်းရှိခဲ့တဲ့သူငယ်ချင်းပင်။အထက်တန်းကတည်းက မောင်နဲ့ပတ်သက်တဲ့ ပန်တျာ့ ခံစားချက်ကို ပထမဆုံးရိပ်မိသူသည် ရဝေပင်ဖြစ်၏။

ခုံပေါ်ကို ချိုချဉ်တွေ လာထားတတ်တာမောင်ဖြစ်ကြောင်း ပန်တျာ့အပြင်နောက်ထပ်သိသူက ရဝေလင်းဟိန်းပင်။
ဘယ်တော့မှ ကျောင်းကို စောစော မသွားဖြစ်ပေမဲ့ အသင်းကျတဲ့တစ်နေ့ ကိုးတန်းကျောင်းပိတ်ခါနီးက ရဝေနဲ့ပန်တျာကျောင်းဆီ စောစောသွားဖြစ်ခဲ့သည်။

မနက်ရှစ်နာရီအချိန်သည် ကျောင်းလာတဲ့သူရှားပေမဲ့ ရှားရှားပါးပါး ကျောင်းသားတွေထဲတွင် မောင်ပါခဲ့သည်။ ပန်တျာနဲ့ရဝေ့ကို သတိမထားမိတဲ့ မောင်သည် ပန်တျာ့ခုံပေါ်မှာ ထုံးစံအတိုင်းအသဲပုံချိုချဉ်လေး ချသွားခဲ့သည်ကို ပန်တျာနဲ့အတူ ရဝေပါ မြင်တွေ့ခဲ့သည်။

ထိုအချိန်က ရဝေသည် ယောကျာ်းလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်အပေါ်ကို ပြုလုပ်သည့် အပြုအမူနှင့် ပတ်သက်၍ အံ့အားသင့်ခဲ့ပေမဲ့ ပန်တျာ့ရဲ့ကျေနပ်ခြင်းအရိပ်အယောင်တွေကြောင့် ဘာမှစောဒက မတက်ဘဲ တိတ်ဆိတ်ပေးခဲ့၏။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now