Part - 12 (Unicode)

2.4K 187 1
                                    


ဆရာရဲကျော်သည် ဆေးခန်းကို အချိန်တိုးကာ ဖွင့်လိုက်သည်။ ယခင်က ညနေလေးနာရီမှ ဆေးခန်းဖွင့်ပေမဲ့ ယခုတော့ နေ့လယ်တစ်နာရီမှစကာ ဖွင့်ပြီး ဆရာဝန် အင်အားကိုပါ ထပ်မံတိုးထားလေသည်။ ဆေးခန်းအတွင်း ဆရာဝန်တွေ အချိန်ကျ လာထိုင်ပေးကာ အလှည့်အပြောင်းနဲ့ ဝင်ထွက်နေသလို သူနာပြုများကလည်း ကျရာတာဝန်ကို ထမ်းဆောင်နေကြသည်။ လူနာများလည်း အဝင်အထွက်မပြတ်ပေ။

သည်ကနေ့ နားရက်မို့ ထုံးစံအတိုင်း ပန်တျာလည်း လာကူဖြစ်သည်။ ဆေးရုံ၊ ဆေးခန်း လူမစည်ကောင်းပေမဲ့ နေ့လယ်ကတည်းက အဆက်မပြတ် ရောက်လာတဲ့ လူနာက မပြတ်ပေ။ ပန်တျာဦး ဆေးခန်းကို လာကူတဲ့နေ့မို့ လူက ပိုများနေတာဟု သူနာပြုဆရာမများကတော့ မှတ်ချက်ပြုကြသည်။

ဆေးခန်းရှိ ဆရာဝန်များ၊ သူနာပြုများကြားတွင်သာမက လူနာများကြားတွင်ပါ
ကကြီးပုံ နှုတ်ခမ်းပါးလေးနဲ့ အပြုံးလှလှလေးတွေ စွန့်ကြဲတတ်သော ပန်တျာဦးမှာနဂိုကတည်းက လူချစ်လူခင်ပေါလှသည်။ ယခုအခါတွင်တော့ တက်သစ်စမော်ဒယ်တစ်ယောက်အနေနဲ့ပါ သတင်းမွှေးပြီး ဆေးခန်းကို လာပြသည့် လူနာထက် လူနာနောက်လိုက်လာပြီး ပန်တျာဦးကို လာချောင်းသူက ပိုများသည်။

"အစ်မ လူနာကုန်ပြီလား"

"ကုန်ပြီ ပန်တျာ ဆရာက ဆေးခန်းပိတ်တော့မှာတဲ့လား"

ပန်တျာ့ရဲ့ အမေးကို နေ့တစ်ပိုင်းလုံး အလုပ်လုပ်ထားရလို့ ပင်ပန်းနေဟန်ရှိတဲ့ သူနာပြုအကူလေးက ခပ်သွက်သွက် ပြန်ဖြေပေးလာသည်။

"ဒီမှာကျန်ပါသေးတယ် ဒေါက်တာ့ရဲ့တစ်ဦးတည်းသော လူနာလေး.."

အသံသည် အပေါက်ဝဘက်မှ လာသည်။
နှစ်ယောက်မရှိသော မောင်ပင်။လက်ထဲတွင်လည်း စာအုပ် အထူတစ်အုပ် ကိုင်ထားကာ လက်ညိုးလေးကလည်း မူလတန်းကလေးများ Roll callခေါ်ချိန် ထူးသည့်နှယ် ထောင်ထားသေးသည်။
မောင့်ကို မြင်လိုက်တာနဲ့ ပန်တျာ့အပြုံးတွေကလည်း အသက်ဝင်လာချေပြီ။

ညနေဆေးခန်းပိတ်ချိန်တိုင်း ရောက်ရောက်လာတတ်တဲ့ မောင့်ကြောင့်
သူနာပြုမလေးတွေက ပြုံးတုံးတုံးနဲ့ စနောက်ချင်ကြသည်။ ပန်တျာတို့နှစ်ယောက်ရဲ့ အကြောင်းကို စွမ်းထက်ကလွဲ၍ မည်သူမျှ သေချာမသိပေ။

 (ပင်မြင့်ပန်းလည်း ကြွေတတ်သည် ) (Complete)Where stories live. Discover now