Chapter 18

371 63 1
                                    

Unicode

Ch-18

'' မင်းစမ်းသောက်ကြည့်လို့ရတယ် ''

ဂန်အီဟျွန်းကသောက်လက်စဆေးလိပ်ကို သူ့ဆီလှမ်းပေးသည်။ ဂျာဂယောင်းဘာစကားမှမပြောဘဲနှုတ်ဆိတ်နေ၏။ သူသတိထားမိနေတာဖြစ်နိုင်သည်။ တကယ်လို့သတိထားမိတယ်ဆိုရင် ဘယ်အထိသတိထားမိနေပြီလဲ? သူ့အကြည့်က ဂန်အီဟျွန်းကိုင်ထားသည့်စီးကရက်ပေါ်တွင်သာရှိနေပေမဲ့ သူ့စိတ်ထဲမှာတော့မီလီယံချီတဲ့အတွေးတွေက ပြောင်းဆန်နေ၏။ အခုချိန်မှာဘာမှဆုံးဖြတ်လိုက်လို့မရသေးဘူး။ သူအသာပြုံးကာ ဂန်အီဟျွန်းရဲ့ကမ်းလှမ်းမှုကိုငြင်းလိုက်သည်။

'' ကျွန်တော်အဆုတ်မကောင်းလို့... ''

'' လိမ်နေတယ် ''

ဂျာဂယောင်းကချောင်းဆိုးလိုက်ကာ ပျံ့လွင့်နေသောမီးခိုးငွေ့ပျောက်သွားအောင် လက်ဖြင့်ရမ်းလိုက်တဲ့အခါ ဂန်အီဟျွန်းသည်ပြုံးလျက်ဖြင့်စီးကရက်ကိုပြန်ယူသွားပြီး ပြာခွက်ထဲသို့ထည့်ကာမီးသတ်လိုက်သည်။ ထို့နောက်လက်ပိုက်လျက်ဆိုဖာပေါ်မှီချကာ ဂျာဂယောင်းကိုစိုက်ကြည့်သည်။ ဂျာဂယောင်းချောင်းထပ်ဆိုးလိုက်ပြီး ပါးစပ်ကိုလက်ဖမိုးဖြင့်အုပ်ကာ ဂန်အီဟျွန်းရဲ့မျက်လုံးတွေကိုအကဲခတ်လိုက်သည်။

'' အဖိုးကိုသွားပြောလိုက်မှာလား? ''

ဂန်အီဟျွန်းကပြန်မဖြေပေ။ ဂျာဂယောင်းသည်စိတ်ပူသွားသည့်မျက်နှာထားမျိုးလုပ်လိုက်သည်။

'' အဖိုးကိုမပြောပါနဲ့။ ကျွန်တော့်မှာတက်တူးရှိတယ်ဆိုတာသာသူသိသွားရင် ကျွန်တော့်ကိုဆူမှာ... ''

သူ့အသံမှာမိဘတွေဆီကအဆူဆံရသည့်ကလေးငယ်ကဲ့သို့တိုးညင်းနေသည်။ ဂန်အီဟျွန်းသည်ဘေးမှဖန်ခွက်ထဲသို့ရေခဲထည့်လိုက်ပြီး အဲ့နောက်အရက်လောင်းထည့်လိုက်သည်။ ဖောက်ထွင်းမြင်နေရသည့်ဖန်ခွက်တွင် အညိုရောင်အရည်ကတစ်ဝက်ခန့်ပြည့်သွား၏။ ဂန်အီဟျွန်းတစ်ခုခုပြောတာကိုစောင့်စားရင်း ဂျာဂယောင်း သူ့ကိုစိတ်တထင့်ထင့်ဖြင့်ကြည့်နေသည်။ ဂန်အီဟျွန်းကဘာမှမပြောဘဲအရက်ကိုတစ်ငုံမော့သောက်လိုက်သည်။

ကမ္ဘာပေါ်မှပျောက်ကွယ်သွားသင့်သောအရာများ [Myanmar Translation]Where stories live. Discover now