801 - 805

264 23 0
                                    

Super God Gene (801)
နတ်ဘုရားကမ္ဘာက ဟန်ဆန်း
ဆောင်းသစ်(သံတွဲ) ဘာသာပြန်သည်။
-------- --------- -------- ------- --------
အခန်း (၈၀၁)
-------- --------- -------- ------- --------
ဟန်ဆန်းဟာ သူ့ကို သိုင်းထိပ်သီးနှစ်ယောက်က အနိုင်ကျင့်နေသလိုမျိုး ခံစားခဲ့မိတယ်။ သူ့ဘဝမှာ အပ်ချည်မျှင်နဲ့တောင် တစက္ကန့်ပြည့်အောင် ချည်နှောင်မခံဖူးဘူး။

ဝိညာဉ်က တည်နေရာရွှေ့ပြောင်းနိုင်တာမို့ မယုံနိုင်လောက်အောင် မြန်တယ်။ စတီးချပ်ဝတ်သားရဲရဲ့ ဓားချက်တွေကလဲ အလွန်ကြောက်စရာကောင်းတယ်။ ဟန်ဆန်းဟာ ရှောင်တယ်။ ထပ်ရှောင်တယ်။ သူဟာ ရှောင်ရုံမှတပါး အခြားဘာမှပြန်မလုပ်နိုင်ခဲ့ဘူး။

ဟန်ဆန်းဟာ ပူပူနွေးနွေး လေ့ကျင့်ထားတဲ့ တုံရွမ်သိုင်းစာလိပ်ထဲက သိုင်းပညာတွေကို ထုတ်သုံးရင်း၊ ရန်သူနှစ်ယောက်ရဲ့ လျှပ်တပြက်တိုက်ချက်တွေကို တုံရွမ်အော်ရာရဲ့ အကူအညီနဲ့ ကြိုတင်ခန့်မှန်းရင်း၊ ရှောင်ပြီးရင်းရှောင်နေရတယ်။ သူဟာ သူ့အသက်ကို သူ့ခြေထောက်ဆီမှာ ပုံအပ်ထားရတယ်။

ရန်သူနှစ်ယောက်ရဲ့ အဆက်မပြတ်ဖိအားကို တယောက်တည်း ရင်ဆိုင်ရတာ တကယ်တော့ မလွယ်ပါဘူး။ ခြေတလှမ်းမှားရင် သေမင်းဆီသွားရမယ်၊ မဟုတ်ပါလား။

ဟန်ဆန်းဟာ စိတ်အာရုံကို ပျံ့လွင့်မခံဘဲ ပစ္စုပ္ပန်တည့်တည့်မှာ ထားတယ်။ ဘယ်လို အတွေးကိုမှ ခေါင်းထဲ အဝင်မခံခဲ့ဘူး။ သူ့စိတ်တခုလုံးကို အာရုံခံတာနဲ့ ကြိုတင်ခန့်မှန်းတာမှာပဲ ကပ်ထားတယ်။ ဒါတောင် ဝိညာဉ်က အလွန်မြန်တာကြောင့် တန်ကာမကျခဲ့ဘူး။

စတီးချပ်ဝတ်သားရဲရဲ့ ဓားရှည်ကလဲ မယုံနိုင်လောက်အောင် ထက်တာကြောင့် လက်နက်ချင်းလဲ ခုခံလို့ မရဘူး။ ရှောင်တိမ်းတာကပဲ တခုတည်းသောနည်းလမ်းဖြစ်နေတယ်။

'' ဝှစ် ''

သူ့ဆီကို ဝင်လာတဲ့ စတီးချပ်ဝတ်ရဲ့ ဓားချက်တချက်။ ဒီတကြိမ်မှာတော့ ဟန်ဆန်း ဟာ ရှောင်ဖို့ အချိန်မရလိုက်ဘူး။ ဓားချက်ကြောင့် ခရမ်းရောင်ချပ်ဝတ်တန်ဆာစုတ်ပြဲပြီး သွေးတွေအများကြီးထွက်သွားတယ်။ 

ဟန်ဆန်းဟာ အံကြိတ်ပြီး ဟန်ချက်ကို မရရအောင် ပြန်ထိန်းလိုက်တယ်။ ပြီးနောက်  သတိကို ငယ်ထိပ်မှာ ပြန်ကပ်ပြီး ဆက်ရှောင်နေလိုက်တယ်။ ပြီးတော့ ရှောင်တိမ်းနေရင်း ဒဏ်ရာကို ကြံ့ဖြူ ကြီးရဲ့ အလင်းစွမ်းအင်နဲ့ ကုသလိုက်တယ်။

နတ်ဘုရားကမ္ဘာက ဟန်ဆန်း ( အတွဲ  ၁) ( Ch 1 - 960)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now