အပိုင်း(၇)

26.4K 1.6K 16
                                    

Recommended song_ထူးအိမ်သင် နွေဦးကံ့ကော်

Unicode

စျေးကနေ အိမ်ပြန်ရောက်ရောက်ချင်း ပျင်းပျင်းနဲ့ လုပ်စရာမရှိသည်မို့ ရှာကြံကာ ခြံဝင်းထဲက သစ်ရွက်ခြောက်တွေကို တံမြတ်စည်းနဲ့လှဲလိုက်၊မောရင်ကွတ်ပစ်ပေါ် ထိုင်နေလိုက် နဲ့ အချိန်ကုန်နေသည်။လွမ်းစေသော်၊လွမ်းစေသော်ကတော့ အိမ်ပြန်ရောက်ရောက်ချင်း ဘာတွေလုပ်တယ်မသိ၊လှုပ်စိလှုပ်စိနဲ့ လုပ်နေတာ ချွေးတလုံးလုံးနဲ့ သူ့ကြည့်ရင်းနဲ့ ကျွန်တော်ပါမောသည်။

"လွမ်းစေသော်"

"အင်း ပြောလေ ချစ်ငယ်"

ရေတွင်းနားကနေ၍ ကြေးနန်းကြိုးကို ပလာယာနဲ့ခွေရင်း ထူးလေသည်။ကျွန်တော် ကွတ်ပစ်ပေါ်လှဲအိပ်နေရာက ထလိုက်ပြီး လွမ်းစေသော်နားသွားကာ

"ဘာတွေလုပ်နေတာလဲ မင်းကြည့်တာနဲ့တင်ကို ငါပါအိုက်လာပြီ"

"ဟင် အိုက်တယ် အိုက်ရင်ရေချိုးလေ ခဏ ဒီဟာကာပြီးမှချိုး "

"ဘာလို့ကာနေတာလဲ အလုပ်ရှုတ်ခံပြီး"

ပေါင်းမိုးစိမ်းကိုကိုင်ကာ ရေတွင်းဘက်မမြင်ရအောင် ကြေးနန်းကြိုးချိတ်ပြီး အလုပ်များနေရင်း ပြန်ဖြေလာသည်။

"ချစ်ငယ်မသိပါဘူးကွာ ဒီနားကနှာဘူးတွေရှိတယ်"

ကျွန်တော်နားမလည်လိုက်၊နှာဘူး၊ သည်နား နှာဘူးရှိသည်လို့တော့ ကျွန်တော် မထင်မိ၊ရှိတော့ရော ဘယ်သူ့ကိုဘူးမှာမို့လို့လဲ မဟုတ်မှ အန်တီခိုင့်ကို များလား။သို့သော် အန်တီခိုင်တို့နေလာတာ ကြာလှပြီ။နှာဘူးရှိတာတွေဘာတွေသိရင် အရင်ကတည်းကကာသင့်တယ် မဟုတ်လား။
ရုတ်တရက် တွေးရင်းတွေးရင်းနဲ့ဟိုတစ်နေ့ကလွမ်းစေသော်ရဲ့ အောင်မြင်လှတဲ့ အော်သံကြီးတစ်ခုကို ကြားယောင်လာတော့သည်။

"ဟိုကောင်တွေ အဲ့တာယောကျ်ားလေးနော် ငမ်းမနေနဲ့ နွားတွေရ နောက်နေ့ငါ့အိမ်ရှေ့လာမဆော့နဲ့"

ဒါဆို ကျွန်တော့်ကြောင့်များ ဖြစ်နေမလား။မဟုတ်တာ ကျွန်တော် ခေါင်းကို အသွင်သွင်ခါရမ်းပစ်လိုက်၏။ကျွန်တော် ဘာတွေတွေးနေမိပါလိမ့်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now