အပိုင်း(၂၃)

23.3K 1.4K 109
                                    

Unicode

မိုးအကုန်ဆောင်းကူးခါစ  ဆောင်းလေအေးတို့ တဝေ့သီသီတိုက်ခတ်နေဆဲ နယ်မြို့လေးမှ လူတွေအုံအုံကြပ် စည်လှတဲ့ သတင်းကျွတ်ဘုရားကြီးပွဲစျေး။ မုံရွာမြို့ရဲ့ ဓလေ့ထုံးတမ်းလို ပွဲစျေးကြီးက မြို့လယ် နာရီစင်မှစလို့ မြောက်ဘက် ရွှေစည်းခုံ ဘုရားနှင့် တောင်ဘက် ဆုတောင်းပြည့် ဘုရားထိ ဆိုင်ခန်းပေါင်းများစွာရှိကြ၏။

"ဘယ်လောက်လဲ"

"၃၀၀ပါကိုကြီး"

"ရော့"

နာရီစဥ်တဝိုက် ဆိုင်ကယ်စတန်းတွင် ဆိုင်ကယ်ထားပြီး အိတ်ထောင်ထဲက ပိုက်ဆံ ၃၀၀ကို ထုတ်ကာ ပိုက်ဆံကောက်တဲ့ကလေးကိုပေးလိုက်သည်။ ဖလန်ထည် အနီရောင်အင်္ကျီက အနည်းငယ်ကြီးနေပြီး ခန္ဓာကိုယ်နစ်မြုတ်နေတဲ့ ချစ်ငယ် ပုခုံးကို ဆွဲကိုင်ရင်း လူအုပ်ကြားထဲ တိုးဝင်လိုက်၏။ တိုးမပေါက်တဲ့ လူအုပ်ကြီးထဲ ဝင်ရတာတော့ မလွယ်။ကျွန်တော်တစ်ယောက်ထဲဆို ဘာမှမဖြစ်ပေမဲ့ ချစ်ငယ်ပါလာတော့  ကိုယ်သေးသေးလေးက လူအုပ်ကြားညှပ်သွားမှာ စိုးရသည်။ကျော်တက်သွားလို့လဲမရ တစ်ခါတစ်ခါ အသက်ရှူပါကျပ်တဲ့ထိ လူများတာမို့ တရွေ့ရွေ့နဲ့သာ လမ်းလျှောက်ရသည်။ဝါကျင့်ကျင့် မီးရောင်အောက်က မုန့်ဆိုင်တွေကို မျက်လုံးတလဲ့လဲ့နဲ့ ငေးကြည့်နေတဲ့ ချစ်ငယ်က ပထမဆုံး ပွဲစျေးတွေကို လည်ဖူးသလို။ညာဘက် မုန့်ဆိုင်တန်းဘက်က ပုစွန်ကြော်အနံ့က ကျွန်တော်တို့ဆီ ပျံ့လွင့်လာ၏။

ချစ်ငယ်ရှိရာ အကြည့်တစ်ချက်ရောက်ရင်း မီးရောင်အောက်က စားချင်စရာကောင်းအောင် ကြော်ထားတဲ့ ပုစွန်ကြော်ကို မမှိတ်မသုန်ကြည့်နေတာ လည်စလုတ်လေးတစ်ချက် အထက်အောက်ရွေ့လျားသွားသည်မို့ ကျွန်တော်ပြုံးမိသွားသည်။စားချင်တာကို မပြောဘူး။အသံပေါင်းစုံနဲ့ ဆူပွတ်နေသည်ကြောင့် ပုံမှန်အသံနဲ့ပြောတောင် တော်ရုံမကြားရတာမို့ ဆံပင်ကောက်ကောက်လေးကို ဖွလိုက်ပြီး ချစ်ငယ်နားနားကပ်ကာ

"စားမလား"

ပုစွန်ကြော်ကို ဘယ်လောက်အာရုံ ရောက်နေတယ်မသိ ကျွန်တော့်အသံကြားပြီး တုန်တက်တဲ့အထိ ပုစွန်ကြော်ကို အဲ့လောက် အာရုံရနေတာ။မီးရောင်အောက်က ပုစွန်ကြော်ကို မကျေနပ်သလို တစ်ချက်ကြည့်ပြီး နှာမှုတ်လိုက်၏။

အချစ်ထက်သာလွန်သော[Completed]Tahanan ng mga kuwento. Tumuklas ngayon