အပိုင်း(၂၀)

22.4K 1.4K 45
                                    

Unicode

ဦးဏှောက်သွေးကြောပြတ်သည့် အကြောင်းအရင်းဖြင့် ဆုံးပါးသွားသည် ဆိုသည့် အကြောင်းအား ကြားကြားချင်း ကျွန်တော်တောင် စိတ်မကောင်းဖြစ်ရသည်မို့ သားဖြစ်တဲ့ ချစ်ငယ် ဘယ်လောက် shock ရသွားမလဲ။သတင်းကြားကြားချင်း ရန်ကုန် ကားလက်မှတ်ဖြတ်ကာ ချက်ချင်းပြေးရသည်။ တစ်လမ်းလုံး တငေးငေး တမှိုင်မှိုင်ဖြစ်နေတဲ့သူကို ကျွန်တော်နားလည်စွာ ကြည့်မိ၏။ ငိုထားတဲ့အရှိန်နဲ့ မို့အစ်နေတဲ့ မျက်လုံးတွေ။ ကျွန်တော် မငိုပါနဲ့လို့လည်း မတားချင် မိခင်ဖြစ်သူရဲ့နောက်ဆုံးခရီးမို့ ခံစားချက်တွေ မြိုသိပ်မထားစေချင်ပေ။နောက်ဆုံးအနေနဲ့ အဝငိုသင့်ပါသည်။ ရန်ကုန်ကားဂိတ်ရောက်တော့ အမေက taxiငှားကာ အန်တီစိန်ဆိုတဲ့ အမျိုးသမီးနဲ့ ဖုန်းပြောကာ နေရပ်လိပ်စာမေးနေ၏။ထိုအချိန် ကျွန်တော်ကတ ချစ်ငယ် ပုခုံးကိုဖက်ကာ နှစ်သိမ့်ပေးနေမိ၏။

၂ရက်မြောက်နေ့တွင် ရေဝေးသုသာန်မှာချသည်။ သားဖြစ်သူရဲ့ သဘောကိုမေးကာ မီးသဂြိုလ်မဲ့အစား ဂူသွင်းဖို့သာ စီစဥ်လိုက်၏။မိခင်ဖြစ်သူကို နောက်ဆုံးအနေနဲ့ ချစ်ငယ်ထိုင်ကန်တော့သည်။ အသံတိတ်ငိုကြွေးနေတဲ့ ချစ်ငယ်ကို ကျွန်တော်မကြည့်ရက်စွာ ရင်ခွင်ထဲ ကွယ်ဝှက်ကာ ဖက်ထားမိတော့သည်။ ထိုအခါက တသိမ့်သိမ့်တုန်လာတဲ့ ကိုယ်လေးနဲ့ အတူ ရှိုက်သံတွေပိုတိုးလို့ ထွက်လာသည်။ ကျွန်တော့်နားထဲ သံရည်ပူလောင်းချလိုက်သလို ချစ်ငယ်ရဲ့ ရှိုက်သံတွေကို ကျွန်တော်မခံနိုင်ခဲ့။ချစ်ငယ်ကို တင်းတင်းကြပ်ကြပ်ဖက်ကာ ကျွန်တော့်မျက်စိတွေကို မှိတ်ချလိုက်မိ၏။မဟုတ်ရင် ကျွန်တော်ပါငိုချမိမှာ။ ကျွန်တော်ပေးတဲ့နွေးထွေးမှုနဲ့ နှစ်သိမ့်မှုမှာ ချစ်ငယ် အနည်းငယ်သက်သာစေဖို့ မျှော်လင့်မိပါသည်။

အိမ်ပြန်ရောက်ရောက်ချင်း အခန်းထဲဝင်ကာ တစ်နေကုန်နီးပါး တံခါးပိတ်နေတဲ့ ချစ်ငယ်ကို ကျွန်တော် စိတ်ပူသွား၏။အစာကောင်းကောင်းမစားတာပင် ၂ရက်ရှိပြီ။ ညစာစားဖို့ဝယ်လာတဲ့ ဟင်းထုတ်တွေကို မီးဖိုချောင်ထဲဆွဲကာ ချစ်ငယ်အတွက် ပြင်ဆင်လိုက်၏။ထို့နောက် အခန်းရှေ့သွားကာ တံခါးကို သုံးချက်လောက်ခေါက်လိုက်၏။ တံခါးပွင့်မလာခဲ့။ကျွန်တော် အသံပေးကာ ထပ်ခေါ်ကြည့်သည်။တံခါးပွင့်မလာခဲ့။ ကျွန်တော့်အတွေးထဲရုတ်တရက်ဝင်လာတဲ့ မှိုင်းညို့နေတဲ့မျက်ဝန်းတွေ။ကျွန်တော့်မျက်လုံးတွေပြူးကျယ်သွားကာ မြန်ဆန်လာတဲ့နှလုံးခုန်မှုမှာ အကြောက်တရားတွေစွန်းထင်းလာတော့သည်။ကျွန်တော့် ဦးတည်ရာက ဧည့်ခန်းထဲက အမေ့ဆီသာ ဖြစ်သွားသည်။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now