( Unicode + Zawgyi )
Unicode
တစ်ဖက်မှာတော့ လက်ထောက်စစ်သူကြီးဟန် အလွန်အမင်း စိုးရိမ်ပူပန်နေသော သူ၏ခေါင်းဆောင်မှာ ကျွန်းငယ်လေး၌ ငါးဖမ်းရင်း ပျော်မြူးနေလေသည်။
သူက ခပ်ကြီးကြီးငါးတစ်ကောင်အား လေထဲ၌မြှောက်ကာ ဝင့်ကြွားသောအပြုံးတစ်ပွင့်ဖြင့် ခရုလေးများကောက်နေသော ရှောင်းကျန့်ဘက်ကို အော်လိုက်သည်။
" ရှောင်းအဖိုးကြီးအတွက် ငါးဆန်ပြုတ်လုပ်ပေးလို့ရပြီ! "
.
.
.
.မနက်ခင်း၏ လေပြည်တစ်ချက်အဝှေ့တွင် လျော့တိလျော့ရဲသာစည်းနှောင်ထားသော ရှောင်းကျန့်၏ဆံနွယ်အချို့က လေထုထဲလွင့်မျောနေကာ ဖြူဥဥကုပ်သားလေးအား တစ်စွန်းတစ်စလှစ်ဟပြသလျက်သား။
ရှောင်းကျန့်က ပင်လယ်ပြင်ကိုသာ ငေးမောနေခဲ့ပြီးသူ့ကို မျက်တောင်မခတ်စမ်းကြည့်နေခဲ့သည့် အကြည့်များကိုတော့ သတိမထားခဲ့ပါချေ။
ယင်းအကြည့်များက မြဲမြံလှသလို ခံစားချက်တချို့လည်း ပေါက်ဖွားနေခဲ့သည်။
ဝမ်ရိပေါ်က တိုးဖျော့စွာဆိုလာသည်။
" ရှောင်းအာ "
" ကိုယ် ချွမ်းရှပြည်ကို ပြန်တော့မှာ"
" မင်း လိုက်ခဲ့မယ်မလားဟင် "
သူ သည်လူသားအား လောကကြီးကိုပြသဖို့ရာ မစောင့်ဆိုင်းနိုင်တော့ပါချေ။
ကျယ်ပြောလှသော လောကကြီးထဲတွင် အကြင်သူဟာ မိမိလက်ကိုမြဲမြဲမြံမြံဆွဲထားစေချင်သည်။ မိမိကိုသာ အားကိုးအားထားပြုစေချင်သည်။
ဖြစ်နိုင်လျှင် ဝမ်ရိပေါ် သည်နေရာ၌သာ တစ်သက်လုံးနေထိုင်သွားချင်ပါသော်လည်း သူ့ပခုံးပေါ်တွင် တာဝန်များစွာ ထမ်းပိုးထားရသေးသည်။
အနားယူသည့်အချိန်မှာ ကုန်ဆုံးသွားလေပြီ။
သူနည်းနည်းတော့ နှမြောတသဖြစ်မိသော်ငြား သည်အချိန်များက လိုအပ်သည်ထက်တောင်ပိုနေပြီဖြစ်သည်။
" ကျွန်တော် ဖိုးဖိုးကို ခွင့်တောင်းတော့မယ် "
" ကောင်းပါပြီ "