A Legend From Lihua

1.4K 141 4
                                    

( Unicode + Zawgyi )

Unicode

" မင်းက ဝမ်ရိယန်ရဲ့ သားဖြစ်မယ်ထင်တယ် "

ထိုအမည်နာမအား ဝမ်ရိပေါ် တစ်ခါမျှမကြားဖူးသည့်တိုင် စိတ်ထဲတွင်တော့ တစ်မျိုးတမည်ခံစားလိုက်ရသည်။ လူမှန်းသိတတ်စကတည်းက သူသည်ကား အမတသခင် တစ်ဦးတည်းကိုသာ တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ အရွယ်ရောက်လာ၍ တောင်အောက်သို့ ဆင်းခွင့်ရသည့် ပထမအကြိမ်မှာပင် သူ့ထံ၌ အခြားရွယ်တူကလေးများကဲ့သို့ အဖေအမေမရှိမှန်း သူ သတိထားမိခဲ့ပါ၏။ သို့သော် ဝမ်ရိပေါ်  အထူးတလည် ဝမ်းနည်းပူဆွေးခြင်း မရှိခဲ့ပါ။ ဒါကြောင့်လည်း သူ၏မိဘများအကြောင်း အမတသခင်ကို တစ်ခွန်းသော်မျှမေးခွန်းမထုတ်ခဲ့ခြင်းဖြစ်သည်။ 

အမတသခင်တစ်ယောက်တည်းရှိရုံနှင့်ပင် ဝမ်ရိပေါ် အဖို့ လုံလောက်ပါ၏။ ထိုသူမှအပ မည်သူ့ကိုမှ မလိုအပ်ပါ။

" မင်းပုံစံကြည့်ရတာ ဝမ်ရိယန်အကြောင်း မကြားဖူးတဲ့ပုံပဲ "

ကျင်းလော့က ဇဝေဇဝါဖြစ်နေပုံရသည့် လူရွယ်အားကြည့်ကာ ​ဆက်ပြောလာသည်။

" ​ဒါမှမဟုတ် ကိုယ်တော် မင်းကို ပြပေးပါရစေလား "

စကားအဆုံး၌ ကျင်းလော့သည် လက်ညိုးနှင့်လက်မအား သုံးကာ ဝမ်ရိပေါ်၏ နဖူးတည့်တည့်အား ဆတ်ခနဲတောက်ချလိုက်၏။

လင်းထိန်နေသည့်အလင်းတန်းများမှာ မျက်စိကျိန်းဖွယ်ဖြာထွက်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

​အနည်းငယ်ပြင်းသော လေတစ်ချက်အဝှေ့တွင်  သစ်ရွက်အချို့မှာ ​လွင့်ကြွေလာခဲ့ကာ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လို့သွားသည်။ အလင်းတန်းများသည် တဖြည်းဖြည်း မှိန်ဖျော့လာရင်း အဆုံး၌ လုံးဝဥဿုံပျောက်ကွယ်သွားတော့ချေ၏။

" ရှောင်ရိ!! "

မှတ်ဉာဏ်ပေါင်းများစွာအတွက် ဦးနှောက်အား အလွန်အကျွံအသုံးချလိုက်ရခြင်းကြောင့် ဝမ်ရိပေါ်၏ ခေါင်းမှာ အနည်းငယ်မူးဝေနေဆဲဖြစ်သည့်အပြင် လက်တွေ့လောကနှင့်
ထပ်မံဆက်သွယ်မိရန် အချိန်ယူရဦးမည်။ ထို့ကြောင့် သူသည် အမတသခင်၏ ခေါ်သံကိုပင် လက်ရှိအချိန်လော ဒါမှမဟုတ် မှတ်ဉာဏ်လောဟူ၍ မခွဲခြားနိုင်ခဲ့ပါ။

BJYX Short StoriesWhere stories live. Discover now