( Unicode + Zawgyi )
Unicode
" နေ့လယ်စာကို ငါနဲ့လာစားပါနော် "
စာတိုလေးတစ်ကြောင်းက ဝမ်ရိပေါ်ကို အများကြီးပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်။ အီမိုဂျီလေးတစ်ခုတောင်မပါဘဲနဲ့ ဘာတွေဒီလောက်တောင် ချစ်စရာကောင်းနေတာလဲ ဝမ်ရိပေါ်မသိပေမဲ့ မနက်ပိုင်းစာသင်ချိန်တစ်ချိန်လုံး သူပြုံးနေမိတာမို့လောင်ရှီးဆီကတောင် အဆူခံလိုက်ရသေးတယ်။
အကြောင်းသိ ထိုင်ခုံဖော်ကတော့ မျက်စောင်းခဲလျက်ပြောပါတယ် " ဒီကောင် ဆေးမမီတော့ဘူး " တဲ့။
ခေါင်းလောင်းတီးတာနဲ့တစ်ပြိုင်နက် ဝမ်ရိပေါ်ဟာ စားပွဲအောက်က သကြားလုံးနှစ်လုံးကိုယူပြီး ပြေးလုမတတ်ခြေလှမ်းတွေနဲ့ ကန်တင်းဘက်ကိုဦးတည်တယ်။
အေးပါတယ်ဆိုတဲ့ ထိပ်တန်းကျောင်းသားလည်း အချစ်နဲ့တွေ့တော့ ဣန္ဒြေတောင်မဆယ်နိုင်တော့ဘူး။
" ရိပေါ် လာပြီလား "
အသံချိုချိုလေးက နားထဲရောက်လာတာနဲ့ ဝမ်ရိပေါ်ရဲ့နှလုံးသားတစ်ခုလုံးနွေးထွေးသွားရော။
တစ်နေ့တစ်နေ့ ဟောဒီ့အသံလေးကိုကြားရဖို့အတွက်နဲ့ ဝမ်ရိပေါ်ဟာ သူငယ်ချင်းတွေဆဲတာကို နေ့တိုင်းခံရပါတယ်။ ဒါပေမဲ့ ရှောင်းကျန့်ကသာ အရေးအကြီးဆုံးမို့ ဒီလောက်ကတော့ ကိစ္စမရှိ။
ရှောင်းကျန့်က သူတို့ကျောင်းကို ဒီနှစ်မှပြောင်းလာတဲ့ ကျောင်းသားသစ်လေးပါ။ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာကတည်းက လူအုပ်ကြီးနဲ့ကွဲထွက်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် သတိထားခဲ့မိတာပဲဖြစ်တယ်။ မျက်မှန်ဝိုင်းလေးတပ်ထားတဲ့ကောင်လေးက စာကြမ်းပိုးလေးမှန်းသိသာလွန်းလေရဲ့။ ထောင့်တစ်နေရာမှာ ခပ်ကုပ်ကုပ်လေးထိုင်နေတဲ့စာကြမ်းပိုးလေးကို ကြည့်ရင်းကြည့်ရင်း အသည်းယားလာတာကြောင့် မနေနိုင်မထိုင်နိုင် စကားသွားပြောရင်း ထိုင်ခုံဖော်ပြောသလို ဝမ်ရိပေါ်တစ်ယောက် ဆေးမမီတော့တဲ့အထိ ရှောင်းကျန့်ဆီမှာ ကျရှုံးသွားတော့တာပါပဲ။
" စောင့်လိုက်ရလား "
" ဟင့်အင်း ငါလည်းခုမှရောက်တာ "