Unicode + Zawgyi
( Unicode )
ရှောင်းကျန့် မျက်လုံးများအား ဖွင့်ဖွင့်ချင်းတွင် တွေးမိလိုက်သည်မှာ " ရှောင်ရိ ဘယ်မှာလဲ " ဟူ၍ ဖြစ်သည်။
အချိန်အကြာကြီးအိပ်စက်ခဲ့မိသည့်အတွက် သူ၏ ခန္ဓာကိုယ်မှာ ကိုက်ခဲနွမ်းနယ်နေခဲ့ပြီး အမြင်အာရုံကလည်း သိပ်မကောင်းလှပါချေ။သူထထိုင်ကာ ပတ်ဝန်းကျင်သို့ဝေ့ဝဲကြည့်လိုက်သည့်အခါ မိမိအိပ်ဆောင်ထဲရောက်နေမှန်း သတိထားမိသွား၏။အိပ်ဆောင်အတွင်း၌ စိတ်ငြိမ်စေသည့် အမွှေးနံ့သာတစ်မျိုး၏ရနံ့က ပျံ့လွင့်လို့နေကာ ဆူညံ့မှုဟူသည် နတ္ထိ။
" ရှောင်ရိ..ရှောင်ရိ မင်းရှိလား? "
ပြန်ဖြေသံမကြားရသည့်အတွက် ရှောင်းကျန့်၏ ရင်ထဲတွင်စိုးရိမ်ပူပန်မှုများ လှိုက်တက်လာခဲ့ပါရင်း ရှောင်ရိအား ရှာရန်အတွက် အမတသခင်သည် ဒယီးဒယိုင်ဖြင့် အိပ်ဆောင်မှထွက်လာခဲ့တော့သည်။
လီဟွားတောင်မှာ ယခင်ကအတိုင်း မပြောင်းမလဲရှိနေသေးသည်ပင်။ နေရောင်ခြည်သည် ရှောင်းကျန့်၏ ပိန်ပါးသော ခန္ဓာကိုယ်ပေါ်သို့ ဖြာကျ၍ အနွေးဓာတ်ပါးပါးလေးဖြင့် လွှမ်းခြုံပေးထား၏။
" ရှောင်ရိ မင်းဘယ်မှာလဲ "
အစွမ်းကုန်လိုက်လံရှာဖွေနေသည့်တိုင် ဝမ်ရိပေါ်၏ အရိပ်အယောင်လေးတစ်စကိုတောင် မတွေ့ရသည်မို့ ရှောင်းကျန့်၏ မျက်ဝန်းများတွင်ဝမ်းနည်းကြေကွဲရိပ်များသန်းလာကာ ခြေဖျားလက်ဖျားများပင် အေးစက်သွားသည်။
မဟုတ်မှလွဲရော..?
စည်းနှောင်မထားသည့် ဆံနွယ်ရှည်များက လေပြည်၌ လွင့်လူးကာ လျော့တိလျော့ရဲအဝတ်အစားများသာ ဝတ်ဆင်ထားသည့် လီဟွားတောင်ထွဋ်သခင်၏ ပုံပန်းသွင်ပြင်သည်ကား နူးညံ့ဖျော့တော့သော်လည်း လှပနေဆဲ။
အတန်ငယ်ကြာပြီးနောက် မြေပြင်ပေါ်သို့ အလေးချိန်စီးသည့် အရာဝတ္ထုတစ်ခု ပြုတ်ကျသွားသည့်အသံမျိုးသည် လေပြည်ညင်းနှင့်အတူ အမတသခင်နားထဲသို့ ဝင်ရောက်လာ၏။
အရည်ရွှမ်းပုံရသောလိမ္မော်သီးများသည် စက္ကူအိတ်လေးထဲမှထွက်ကျကာထိုထဲမှတစ်လုံးသည် ရှောင်းကျန့်၏ ခြေချောင်းထိပ်လေးများအနားအထိ လိမ့်လာပြီးမှ ရပ်သွားသည်။