( Unicode + Zawgyi )
Unicode
" ကောင်းကင်ဘုံဧကရာဇ်က နတ်ဆိုးဘုရင်ကို
အဆုံးသတ်ပစ်လိုက်ပြီတဲ့ "သုံးလောကတစ်ခွင် ဟိုးလေးတကျော်ကျော်ဖြစ်နေသော ထိုသတင်းက လီဟွားနယ်မြေသကဲ့သို့
အစွန်အဖျားနေရာအထိပါ ပျံ့နှံလာလေသည်။ဟုတ်ပေသည်။
နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့သည့် နတ်ဆိုးလောကနှင့်နတ်ဘုရားကြားမှ တိုက်ပွဲများသည် နောက်ဆုံးမှာတော့ အဆုံးသတ်သွားပြီဖြစ်၏။ လူသားအပေါင်းတို့လည်း ဝမ်းသာပီတိဖြစ်ရကာ နတ်ဘုရားတို့လည်း
စိတ်အေးသွားကြလေပြီ။တစ်ဦးကိုတစ်ဦး သတင်းစကားပါးလျက် လူ့ဘုံလောကတွင် နတ်ဆိုးဘုရင်ကိုအောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် တောင်ပေါ်မြေပြန့်မကျန်ပျော်ပွဲရွှင်ပွဲများကျင်းပနေကြကာ အလွန်ကို စိတ်ချမ်းမြေ့သာယာဖွယ်ပင်ဖြစ်နေတော့သည်။
သို့ရာတွင် ပျော်ရွှင်ဝမ်းသာခြင်း၊ထိတ်လန့်စိုးရွံခြင်း
အလျဉ်းကင်းမဲ့သည့် တစ်နေရာတော့ကျန်ရှိနေသေးသည်။ယင်းမှာ လီဟွားတောင်ထွဋ်ဖြစ်၏။
လီဟွားမြို့၏ ရတနာကိုးသွယ်မြစ်ကိုဖြတ်ကျော်၍
မြောက်ဘက်သို့ ဆန်တက်သွားလိုက်ပါလျှင် လီဟွားတောင်သို့ရောက်မည်ဖြစ်သည်။ ဒဏ္ဍာရီအဆိုအရ အဆိုပါ တောင်ထွဋ်သည် နတ်ဘုံနတ်နန်းအလားခမ်းနားလှပကာ အမတနတ်ဘုရားတစ်ပါး
နေထိုင်စံမြန်းသည်ဟူ၍။ပါးစပ်ရာဇဝင်ပင်ဖြစ်သော်ငြားလည်း လီဟွားမြို့သူ
မြို့သားများကတော့ ထိုတောင်ဘက်သို့ ခြေဦးတောင်
မလှည့်ကြပါပေ။နတ်ဘုရားများကို အနှောင့်အယှက်ပေးမိလျှင်
သူတို့ တစ်ဘဝလုံးကံဆိုးသွားရမည်ကို စိုးရိမ်ကြသည်လေ။.....
သိမ်မွေ့သောလေပြည်ညင်းကလေးသည်
လီဟွားပင်များကြားသို့ ဖြတ်သန်းသွေးဆော်နေရာ
ပန်းရနံ့ဖျော့ဖျော့သည်လည်း လေထုအတွင်း
ဆွတ်ပျံ့နေသည်။ သစ်ခက်အချင်းချင်းပွတ်တိုက်
သံများမှာ ဆူညံခြင်းမရှိသည့် သည်နေရာအား
အသက်ဝင်အောင် ပံ့ပိုးဆောင်ရွက်ပေးနေသကဲ့သို့
ရှိပြီး တေးသွားချိုချိုပမာ နားထောင်ကောင်းလှသည်။