Unicode + Zawgyi
Unicode
" အခုချိန်စပြီး ငါမင်းရဲ့ချစ်သူဖြစ်လာချင်တယ် ရှောင်းကျန့် "
ရှောင်းကျန့်နားထဲစိမ့်ဝင်လာတဲ့ ဒီစကားသံက ချိုမြိန်မှုအပြည့်နဲ့ပါပဲ။ အဲဲဒီချိုမြိန်မှုတွေက နားထဲကနေတစ်ဆင့်
ဦးနှောက်ဆီပါ ရောက်ရှိလို့သွားပြီး ခဏတာထုံထိုင်းသွားစေတယ်။ အာစေးမိနေသလိုမျိုး ဘာစကားမှမပြောနိုင်တဲ့သူ့ကို ဝမ်ရိပေါ်က ဗွေယူတဲ့ပုံမပေါ်ပါဘူး။" ဒီစကားကို ငါပြောချင်ခဲ့တာကြာပါပြီ ၊ မင်း စဥ်းစားဖို့အချိန်ယူလို့ရတယ်။ ချက်ချင်းကြီး ငြင်းတော့မငြင်းလိုက်ပါနဲ့ ဟုတ်ပြီလား နော်? "
" အ...အင်း "
" ဒါဆို ငါပြန်တော့မယ်၊ အိမ်ထဲဝင်တော့ ရှောင်းကျန့်
နှာစေးမယ် "ဝမ်ရိပေါ်က အရင်လိုပဲ ရှောင်းကျန့်ကို နှစ်နှစ်ကာကာ
ပြုံးပြပြီး အိမ်ကိုပြန်တော့ လမ်းထဲမှာ ရှောင်းကျန့်တစ်ယောက်တည်းကျန်ခဲ့တယ်။ခပ်ဖျော့ဖျော့အနွေးဓာတ်လေးရှိနေသေးတဲ့ ကိုယ့်နှုတ်ခမ်းကိုယ် လက်ချောင်းထိပ်လေးတွေနဲ့ထိတွေ့လိုက်ရင်း ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့စကားအတိုင်း အိမ်ထဲပြန်ဝင်လာခဲ့ပါတယ်။
" နှင်းတောင်ကျပြီပဲ မနက်ဖြန်ကျ ကျောင်းကို အနွေးထည်ထူထူဝတ်သွားနော် သား "
အခန်းတံခါးမပိတ်ခင် ကြားလိုက်ရတဲ့အသံက ရှောင်မာမားဆီက။
" ဟုတ် "
စောနကတည်းက ခြေထောက်တွေပျော့ခွေချင်နေတဲ့ ရှောင်းကျန့်က အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်ပစ်လှဲပြီး စောင်ခြုံလိုက်ရင်း သူ့ကိုယ်သူ ကောက်ညှင်းထုပ်လေးဖြစ်အောင် လုပ်လိုက်တယ်။ ပြီးတော့ တိုးတိုးကလေး သူ့ကိုယ်သူပြောတယ်။
" ရိပေါ်က ငါ့ကိုဖွင့်ပြောတယ် "
ငယ်ငယ်လေးကတည်းက ရှောင်းကျန့်မှာ တခြားကလေးတွေလိုမျိုး အပေါင်းအသင်းမက်တဲ့စိတ်မရှိဘူး။ဆော့ရင်တောင် တစ်ယောက်တည်းအခန်းထဲမှာ အရုပ်တွေနဲ့ပဲဆော့လေ့ရှိတယ်။ ဒီအကျင့်က ငယ်တုန်းတော့ မိဘတွေအတွက် ဝန်လျော့စေပေမဲ့ ကြီးလာတဲ့အခါကျ ရှောင်းကျန့်ရဲ့ လှုမှုဆက်ဆံရေးကို အများကြီးထိခိုက်စေခဲ့တယ်။