Unicode
Dawn - 5
အဟမ်းးး အဟမ်းးး
အိမ်ထဲဝင်လာတဲ့ သားအဖကို တချက်ကြည့်ပြီး ချောင်းဟန့်လိုက်တော့ ရှေ့က ဖအေလုပ်သူရဲ့ အကြည့်က ဒိုင်းခနဲ သေနတ်ပစ်လိုက်သလိုပါပဲ။သူ့ဟာသူ သေနတ်ပစ်သလိုပဲ ကြည့်ကြည့် ဘယ်လိုပဲနေနေ ပြောစရာရှိတာကတော့ ပြောရမှာပါပဲ။ နောက်ကလိုက်ချောင်းတဲ့ ကိုယ်တောင်အိမ်အရင်ပြန်ရောက်နေပြီလေ။"မင်းတို့ သားအဖက ဘယ်ကိုဝင်နေကြတာလဲ ငါ့သမက်တောင် အဝတ်အစားတွေသယ်ပြီး အိမ်ရောက်လာလို့ အခန်းသွားရှင်းနေပြီ"
"ကလေးစားချင်တာ ဝင်ဝယ်နေတာလေ ခင်ဗျားက ဝယ်ပေးဖော်ရလို့လား"
"ရောက်တာနဲ့ ရန်ဖြစ်နေကြပြန်ပြီ ပြန်လိုက်ရတော့မလား"
ပြန်လိုက်ရတော့မလားဆိုပြီး ငှက်ပျံသလို ပျံပြနေတဲ့ မျက်နှာပြောင်လေးကြောင့် သူ့ပါပါးက မျက်လုံးပေါက်တွေပျောက်အောင် ပြုံးရယ်လို့။
"ပါပါးနဲ့တူလို့ သားလေးက သိပ်ချစ်ဖို့ကောင်းနေတာ"
"ကိုယ့် ငါးချဉ်ကိုယ်ချဉ်မနေနဲ့ ဒီည ဘာချက်မှာလဲ"
"သားလေးဘာစားချင်လဲ ပါပါး ဘာချက်ကျွေးရမလဲ"
"ပါး ချက်ကျွေးတာမှန်သမျှ သားက အကုန်စားမှာ ကြိုက်တာသာချက် အခု ကို့ကို ဝိုင်းကူလုပ်ပေးလိုက်ဦးမယ်"
"အေးပါ ပါပါးဟင်းကို ရှယ်ချက်လိုက်ဦးမယ် သိလား ပြီးရင် လာခေါ်မယ်နော်"
ကလေးလည်း သူ့အခန်းထဲဝင်သွားရော အမိန့်ဆန်ဆန်လေသံနဲ့အတူ သူဝယ်ခြမ်းလာတဲ့ အိတ်ကြီးအိတ်ငယ်က ကျွန်တော့်ပေါင်ပေါ်ရောက်လာတော့သည်။
"ခင်ဗျားက အင်္ကျီတောင်လဲပြီးနေပြီဆိုတော့ မီးဖိုခန်းထဲ ဒါတွေ သွားထားပေးပြီးစောင့်နေ"
"ဟ မင်းအရင်ကလည်း တယောက်တည်း လုပ်နေကျလေ"
"အရင်က သုံးယောက်စာပဲချက်ရတာလေ အခု ကလေးနှစ်ယောက်ပါ ရောက်လာပြီဗျ ခင်ဗျား အားတဲ့အချိန်တော့ ကူပေးရမှာပဲ ဘာမှ စောဒကတွေ နောက်ဒကတွေ တက်မနေနဲ့ ဒါပဲ"