Unicode
Dawn - 11
သားဘာမှမဖြစ်ဘူးဆိုတာကို ဖုန်းဆက်ပြီးနောက်မှာ သိလိုက်ရပေမဲ့ စိတ်ကတော့ ပူနေရဆဲပါပဲ။သားအတွက်ရော ကျွန်တော်တို့အတွက်ပါ ဒီကလေးက ပထမဆုံး မျိုးဆက်သစ်ကလေးမို့ အထိခိုက်အစွန်းထင်းလုံးဝမခံနိုင်ပါဘူး။ ထိုင်နေလို့လည်း မဖြစ်သေးပါဘူးလေ။ သားဆီအမြန်ပြန်ပြီး အနားမှာ နေပေးမှပါ။ အချိန်က အခု ကျွန်တော့်အတွက်တော့ အရမ်းကို အဖိုးတန်တဲ့အနေအထားဖြစ်နေပြီလေ။
သားရဲ့ ဗိုက်ထဲက Nephalem က ပိုပြီးကြီးထွားလာလေ ကျွန်တော့်ရဲ့ စွမ်းအားကလည်း တဖြည်းဖြည်းလျော့နည်းလာလေ ဖြစ်မယ်ဆိုတာကို သိထားပြီးသားမို့ အချိန်တန်ရင် ထွက်သွားရမယ်ဆိုတာကို အေးအေးဆေးဆေးလက်ခံထားပြီးသားမို့ အခုချိန် ကျွန်တော့် pheromone တွေကို စိတ်အလိုရှိသလောက်သုံးနိုင်တဲ့ အနေအထားမှာ သားနဲ့ Porsche ကို အကောင်းဆုံးနွေးထွေးမှုတွေ ပေးရမှာပေါ့။ ရုတ်တရက်ဆန်နေလို့ လက်မခံချင်ဖြစ်ကြမလား မသိပေမဲ့ နောက်ဆုံးအနေနဲ့ တွယ်ငြိချင်တဲ့ ဆန္ဒလေးကိုတော့ တားမရဘူးမဟုတ်လား။
အိမ်ပြန်ဖို့ ရုံးခန်းထဲကထွက်လာပြီး ကားပါကင်အရောက်မှာ Jan တို့ သားအဖနဲ့တိုးတော့ နှုတ်မဆက်လို့မကောင်းတာမို့ ခဏတော့ရပ်စကားပြောလိုက်ရသည်။
"မင်း ရုံးဆင်းပြီလား Kinn သားက ဒီနေ့ အလုပ်အင်တာဗျူးလာဖြေတာ သူဖြေပြီးရင် ငါကမင်းကို နေ့လည်စာလိုက်ကျွေးမလို့လေ"
"ရပါတယ် ငါ အိမ်မှာ ကိစ္စလေးရှိနေသေးလို့ နောက်ကြုံမှပေါ့ကွာ...အဆင်ပြေပါစေကွာ"
"ကျေးဇူးပါ ဦး.."
"ငါ သွားပြီနော်"
စကားစအမြန်ဖြတ်ပြီး အိမ်ပြန်ဖို့ ကားပေါ်တက် ကားမောင်းထွက်မယ်ကြံတော့ ခိုးခိုးခစ်ခစ်နဲ့ ကလေးရယ်သံလေးကြားလို့ ဘေးခုံကိုကြည့်လိုက်တော့ လူကမျက်လုံးတွေတောင် ပြူးသွားရသည်။အနီရောင်တောက်တောက် ဝတ်ရုံရှည်လေးဝတ်ထားပြီး အဖြူရောင်အတောင်ပံတွေပါတဲ့ နတ်သမီးပေါက်စလေးက ကျွန်တော့်ကိုကြည့်နေတာလေ။ အစက ရယ်နေပေမဲ့ ကျွန်တော်နဲ့မျက်လုံးချင်းဆုံတော့ မကျေနပ်တဲ့မျက်နှာထားဖြစ်သွားတာမို့ ကျွန်တော်လည်း ပြုံးပြလိုက်ရသည်။