Dawn - 34
အိပ်မက်ကောင်းတွေနဲ့ နိုးထလာရတဲ့ မနက်ခင်းမို့ ကျွန်တော့်ခန္ဓာတစ်ခုလုံး လေထဲလွင့်နေတဲ့ ငှက်မွှေးလေးသဖွယ် ပေါ့ပါးလို့နေပါတယ်။ ညက အိပ်မက်ထဲမှာ ကိုကိုက ဟိုအရင်ကလိုမျိုး ကျွန်တော့်ကို ဖက်ထားတယ် ချော့သိပ်တယ်တဲ့။ အိပ်မက်က အဖိုးတန်လွန်းလို့ နိုးလာရတာတောင် နှမြောမိသား။
"ပါပါး ဘာရုပ်နာရဲ အိပ်ပုတ်ရီးရား"
"အိပ်ပုတ်မလေးရဲ့ အဖေဆိုမှတော့ အိပ်ပုတ်ကြီးတာပေါ့ကွာ လာပါဦး နမ်းချင်လို့"
သမီးရဲ့ ပါးဖောင်းဖောင်းအိအိလေးကို အားရပါးရနမ်းရှိုက်ပစ်လိုက်ရတော့ တကိုယ်လုံးအားတွေပြည့်သွားသလိုပါပဲ။ ဒီသမီးလေးက ကျွန်တော့်ရဲ့ အသက်ဆက်ဆေးလေ။ သမီးသာ ကျွန်တော့်ဘေးရှိမနေရင် ကျွန်တော်ခုထိ အသက်ရှင်နေဖို့က မဖြစ်နိုင်တဲ့အရာပါ။ ဒီသမီးလေးကပဲ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့တာဖြစ်သလို ရှင်သန်ရာအကြောင်းပြချက်ကလည်း သူပါပဲ။
သားအဖတွေ ဆော့ရင်းနဲ့ မျက်နှာသစ်ပြီး အောက်ထပ်ဆင်းသွားတော့ ပါးက မျက်နှာသိပ်မကောင်းတာမို့ ကျွန်တော်လည်း Daddy မျက်နှာလှမ်းကြည့်တော့ သူလည်း ကျွန်တော့်ကို ငေးကြည့်ရင်း ပါးလိုပဲ မျက်နှာပျက်သွားတာမို့ စိတ်က နည်းနည်းတော့ တမျိုးခံစားလိုက်ရပါတယ်။ အရင်ကဆို နှစ်ယောက်သား အပြန်အလှန်စိတ်ကောက်တာပဲရှိတာလေ။အခုက သူတို့ချင်းစိတ်ဆိုးကြတာမဟုတ်ဘဲ တခြားအကြောင်းအရာတစ်ခုကြောင့် ထင်ပါတယ်။ တခြားအကြောင်းအရာဆိုတာကလည်း ကျွန်တော့်ကြောင့်ပဲ ထင်ပါရဲ့။
"ပါးနဲ့ Daddy ဘာဖြစ်နေတာလဲဟင် ကိစ္စတစ်ခုခုရှိလို့လား"
"မရှိပါဘူး သားရယ် စားကြည့်ဦး ပါး ဒီမနက် ကိုယ်တိုင်လုပ်ပေးထားတဲ့ အသားညှပ်ပေါင်မုန့်လေး"
"ငါ့မြေးက တယ်ဟုတ်ပါလား ဖိုးခင်ကိုလည်း လုပ်ပေးပါဦးဗျ"
သမီးက သူ့ဟာသူ ခရမ်းချဉ်သီးဖတ်တွေ ဆလပ်ရွက်တွေ ပေါင်မုန့်ကြားထဲ ညှပ်ထည့်လို့ သူစားဖို့လုပ်နေတာ စားဖိုမှူးပေါက်စလေးကို ဖြစ်လို့လေ။ Daddy ရော ပါး ရော သူ့ဆီစိတ်ရောက်ပြီး ပုံမှန်လိုဖြစ်သွားတော့ ကျွန်တော်လည်း ဘာမှဆက်တွေးမနေတော့ပါဘူးလေ။ ပုံမှန်တိုင်း မနက်စာစားပြီး သမီးက ခြံထဲဆင်းဆော့ပြီမို့ သူ့ထိန်းဖို့ နောက်ကလိုက်တော့ အိမ်ရှေ့အိမ်ဆီ အကြည့်ကရောက်ရတာပေါ့။ အကြည့်ရောက်မိချိန်မှာပဲ အိမ်ထဲကနေ လက်ချင်းတွဲလို့ ပြုံးရွှင်စွာထွက်လာကြတဲ့ ကိုကိုနဲ့ Ryan ကို မြင်လိုက်ရတော့ ကျွန်တော့်အနာဂတ်က နည်းနည်းတော့ ဝေဝါးသွားသလိုပဲ။