Dawn-35
ပင်လယ်လှိုင်းပုတ်သံသဲ့သဲ့ရယ် ရင်ခုန်သံ ငြိမ့်ငြိမ့်ရယ်နဲ့ လောကဟာ နိဗ္ဗာန်ဘုံအလား ဖြစ်တည်နေတဲ့ အခိုက်အတန့်လေး...
ရင်ခွင်ထဲက ချစ်ရသူရယ် ချစ်ရသူနဲ့ ကျွန်တော့်အပေါ် မှောက်လို့ ဖက်အိပ်နေတဲ့ သမီးလေးရယ်ကြောင့် ကျွန်တော့်မှာ အပြုံးတို့က မရပ်တန့်နိုင်။ မနေ့ညက အိပ်ကြမယ်ဆိုတော့ သားအဖနှစ်ယောက် ကျွန်တော့်နားအိပ်ရဖို့ ရန်ဖြစ်ကြသေးတာလေ။ Po က သူ့သမီး ဂေါ်ဖီထုပ်ကြီးကို အသည်းယားလို့ ထိုင် စတာကို ကျွန်တော်ကကြည့်နေရင်း မျက်ရည်ကျမတတ် ပျော်ခဲ့ရတာပါ။ သမီးလေးရဲ့ ငယ်ဘဝနေ့ရက်လေးတွေကို ကျွန်တော် မသိမမြင်ခဲ့ရပေမဲ့ ခုလက်ရှိအချိန်လေးမှာ ပြန်မှတ်မိလာရခြင်းကိုပဲ ကံကောင်းတယ်လို့မှတ်ယူပါတယ်။
သားအဖနှစ်ယောက် မနိုးအောင် ကုတင်ပေါ်သေချာနေရာချသိပ်ခဲ့ပြီး မြတ်မြတ်နိုးနိုးနဲ့ ပါးပြင်နုနုတို့ပေါ် အနမ်းတို့နစ်ဝင်အပြီးမှာ ကျွန်တော် အိပ်ရာထဲက ထွက်ခဲ့ပါတော့တယ်။ တစ်ကိုယ်ရည်ကိစ္စဝိစ္စအပြီးမှာ မီးဖိုချောင်ဝင်ခဲ့ရတာက ကျွန်တော့်ကလေးနှစ်ယောက်အတွက် မနက်စာပြင်ဆင်ပေးဖို့ပါ။ အခုကစပြီး ကျွန်တော်မလုပ်ပေးခဲ့ရတဲ့ မကျေခဲ့ရတဲ့ တာဝန်တွေအကုန် ကျေအောင်လုပ်ပေးတော့မှာပါ။ ကျန်နေတဲ့ ဘဝသက်တမ်းတစ်ခုလုံးကို ဒီသားအဖကိုပေးဆပ်ချစ်မြတ်နိုးရင်းနဲ့ပဲ ကုန်ဆုံးသွားချင်ပါတယ်။
နှစ်ပတ်စာလောက် ပါလာတဲ့ ရိက္ခာတွေကို မနေ့ညတည်းက နေရာတကျစီစဉ်ထားသိုပြီးပြီမို့ အခုမနက်တော့ ချက်ချင်တာကို ကောက်ချက်ရုံပါပဲ။ ပင်လယ်ကမ်းခြေမို့ စွတ်စိုတဲ့ ရေငွေ့ပါတဲ့ လေအေးတို့က တိုက်ခတ်နေတာမို့ မနက်စာကို နွေးထွေးတဲ့ စွပ်ပြုတ်တစ်ခွက်ချက်ရင် အဆင်ပြေလောက်ပါတယ်။ အချစ်တွေပြည့်နေတဲ့ စွပ်ပြုတ်တစ်ခွက်ပြင်ဆင်ဖို့ တစ်ယောက်တည်း အသီးအရွက်လှီးချွတ် အသားတွေပြုတ်နဲ့ ဇယ်ဆက်သလို ပြင်ဆင်နေတုန်းမှာ ခါးနေရာကနေ သွယ်ယှက်လာတဲ့ သန်မာနူးညံ့တဲ့ လက်တစ်စုံရယ် ခြေအစုံကို သိမ်းပွေ့ဖက်လာတဲ့ ဖွေးဥနုငယ်တဲ့ လက်ကလေးတစ်စုံရယ်ကြောင့် ကျွန်တော့်အပြုံးတို့ ဖြစ်တည်လာရပြန်ပါပြီ။