Unicode
Dawn - 15
"မင်း ငါ့နား မကပ်နဲ့"
မနေ့ညတည်းက သတိလစ်သွားတဲ့ Porsche ဟာ ဒီနေ့ညနေမှနိုးလာတော့ လူကို အနားပင် အကပ်မခံတော့ပါဘူး။
"ဘာလို့လဲ... ကိုယ် စိတ်ထိန်းလိုက်ပါပြီ Porsche ရယ် မင်းနာအောင်ထပ်မလုပ်တော့ဘူးနော် စိတ်ချပါ"
"မင်းဟာမင်း ထိန်းနိုင်ပြီဆိုတော့ ငါတို့ ပြဿနာရှင်းကြတာပေါ့ ပြောစမ်းပါဦး ငါ့ကိုချစ်တာဆိုရင် မင်းရည်းစားဟောင်းကို ဘာလို့နမ်းနေတာလဲ"
မြွေကိုက်တာထက်ခံရခက်တဲ့ ဖြေရခက်တဲ့မေးခွန်းမျိုးမေးလာတော့ ရုတ်တရက်အဖြေကရှာမရ။ ငူငူငိုင်ငိုင်ထိုင်နေမိတော့ လက်မောင်းကို သူရှိသမျှအားနဲ့ ထိုးတာခံလိုက်ရသည်။
"ဖြေလေ မင်း အခု သေချာရှင်းရင်ရှင်း မရှင်းရင် ငါနဲ့ ကွာရှင်း"
"လာပြန်ပြီ ဒီ ကွာရှင်းဖို့က...မနေ့ညက မင်း ငါနဲ့တူတူနေပြီးပြီလေ အဲ့လို တာဝန်မဲ့တဲ့စကားပြောစရာလား"
"တာဝန်မဲ့တဲ့ စကား ဟုတ်လား ထွက်သွားစမ်း အယုတ်တမာကောင် မင်း မျက်နှာ မကြည့်ချင်ဘူး သွား အခုထွက်သွား"
စိတ်ပြေအောင် ပါးစပ်ထဲရှိရာလျှောက်ပြောမိတော့ ခေါင်းအုံးနဲ့ ထုရိုက်ခံရပြန်သည်။ တစ်သက်လုံး ကိုယ့်ပုံရိပ်အထိပါးမခံခဲ့သမျှ ဒီလူသားနဲ့မှ သူပြုသမျှနုရ သူစေစားသမျှရူးရ ဖြစ်နေရတာကို ဒီလူသားသိရင် သိပ်ကောင်းမှာပါပဲ။
"Porsche ရယ် ကိုယ်က စတာပါကွာ သူ့ကိုနမ်းလိုက်မိတာကလည်း Rut ဖြစ်နေတဲ့အချိန် ဟို.... ကိုယ်က ဘာမှမသိတော့ဘူးလေ ပြီးတော့ သူ့ကို မင်း လို့ပဲ မှတ်ပြီး"
"မှတ်စရာလား ဟမ် မှတ်စရာလား ငါ့လို တောင့်ဖြောင့်နေတဲ့ကောင်နဲ့ အဲ့လို နုဖတ်နေတဲ့ကောင်နဲ့ မှားစရာလားကွ မှားစရာလား"
"ကြောက်ပြီလို့ ကိုယ် နာလှပြီ Porsche ရယ် မရိုက်ပါနဲ့တော့နော်"
အတင်းချုပ်ပြီး ဖက်ထားရင်း ပါးကိုနမ်းလို့ ချော့တော့ ငြိမ်ကျသွားပြီး ကျွန်တော့်မျက်နှာကို သေချာစိုက်ကြည့်လာသည်။