Dawn-22
လက်ရှိအဖြစ်အပျက်များ မဖြစ်ပျက်မီ လေးနာရီခန့်က...
မနက်အရုဏ်တက်တာနဲ့ နိုးလာခဲ့ပြီး ပြင်းပြင်းပြပြသွားချင်စိတ်ဖြစ်ပေါ်လာတာက လရောင်ဘုရားကျောင်းကိုပင်။ ဘေးက ကိုကိုကတော့ ကျွန်တော့်ဗိုက်ပေါ်လက်ကလေးတင်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပါ။ အကြောင်းခြင်းရာ မယ်မယ်ရရမရှိပေမဲ့ ချဉ်ခြင်းတပ်တာထက်ဆိုးတဲ့ တားဆီးမရတဲ့ စိတ်ဆန္ဒတို့နောက် ကောက်ကောက်ပါအောင် ဆုံးဖြတ်လိုက်တော့ အနွေးထည်တထည်ထပ်ဝတ်လို့ အိမ်ကလူတွေ ဘယ်သူမှမနိုးအောင်ခိုးထွက်လာလိုက်သည်။
အိမ်ထဲကနေထွက် လမ်းထိပ်ရောက်တော့ မနက်စောစောထွက်လာတဲ့ အငှားကားကောင်းမှုနဲ့ ဘုရားကျောင်းကိုရောက်ခဲ့ရသည်။ လရောင်ဘုရားကျောင်းက ဒီမြို့မှာအကြီးဆုံးဖြစ်သလို သာမန်လူတွေ တော်ရုံခြေချဖို့ခက်တဲ့ ဘုရားကျောင်းဖြစ်သည်။ အခုတောင် ကျွန်တော်မဖြစ်မနေသွားရမှဖြစ်မှာလို့ ပြောလို့သာ ကားဆရာက လိုက်ပို့တာပါ။ အမည်နာမ တပ်မရတဲ့ စတေးမှုတွေ ပညာသည်တွေနဲ့ ထူးဆန်းတဲ့ အတတ်တွေ တတ်မြောက်ထားသူတွေသာ ထိုဘုရားကျောင်းထဲ ဝင်ထွက်သွားလာခြင်းရှိကြတာမို့ သာမန်အပြင်လူတွေက ဘုရားကျောင်းကို မလာရဲမသွားရဲကြတာပါ။အခု အဲ့ဒီလိုနေရာကို ကျွန်တော်က စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွှင်နဲ့ သွားချင်နေတာက အချိန်တစ်ခုကျလာလို့များလား။ ဘယ်လိုပဲဖြစ်ပါစေလေ သမီးကိုရော Daddy ကိုရော မဆုံးရှုံးရဖို့ ဘယ်လိုစတေးမှု ဘယ်လိုအန္တရာယ်ဖြစ်နေပါစေ ပေးဆပ်ရင်ဆိုင်ရဲပါတယ်။
အနက်ရောင်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းကြီးက အရုဏ်တက်ချိန်မှာ အပြင်ကနေ ကြည့်တာတောင် ကြောက်မက်ဖွယ်ရာကောင်းနေသည်။ ဘုရားကျောင်းထဲမဝင်ခင် ဗိုက်ကိုပွတ်လို့ သမီးလေးဆီကနေ ခွန်အားတွေယူရပါသည်။ မွေးဖို့က နှစ်လလောက်ပဲလိုတော့တာမို့ သွားလာလှုပ်ရှားရတာ မလွယ်ကူလှပေမဲ့ ဗိုက်ထဲက သမီးလေးကြောင့်သာ ကျွန်တော်အရာရာကိုရင်ဆိုင်ရဲ လုပ်နိုင်ရဲတဲ့စိတ်တွေဖြစ်ပေါ်လာရတာမဟုတ်လား။