Unicode version,
အချစ်ဟာ တကယ်တော့ချုပ်နှောင်မှုတစ်ခုပင်။
ချစ်သည်ဆိုသော စကားလေးဖြင့် အရာအားလုံးကို
ချုပ်နှောင်ပိတ်ပင်လိုက်ခြင်းမျိုး။
မည်သူတွေ မည်သို့ပင် အဓိပ္ပာယ်ဖွင့်ဆိုနေကြပါစေဦးတော့
ဂျေဆိုသည့် လူသားအတွက်တော့
အချစ်ဆိုသည့် စိတ္တဇနာမ်သည် ထောင်တစ်ခုလိုပင်။
ထိုမမြင်ရသည့် နာမ်ကို ဂျေသိပ်မုန်းရပါ၏။....အနာဂတ်တွေကိုသာ ကြိုမြင်နိုင်ခဲ့ရင် ဂျေသည် ထိုနေ့တွင် ကျောင်းကိုသွားမည်မဟုတ်ခဲ့။
ဒါမှမဟုတ် ကျောင်းကိုရောက်ခဲ့ရင်တောင် ထိုလူသားကို မမြင်ချင်ယောင်ဆောင်ပစ်ခဲ့မိမှာ။
အတိတ်ကိုသာ ပြန်သွားနိုင်ခဲ့ရင် ဂျေသည် သေချာပေါက်ကိုပင် ထိုလူသား၏ အကူအညီအားယူခဲ့မိမှာမဟုတ်ပေ။အထက်တန်းနောက်ဆုံးနှစ်အား တက်ရောက်နေသော ဂျေ့အတွက် ထိုလူသားနဲ့မတွေ့ဆုံသည်အထိ အတိတ်နေ့ရက်တွေဟာ လူငယ်တစ်ယောက်ပီပီ လွတ်လပ်ခဲ့သည်။ ပေါ့ပါးခဲ့သည်။ ထို့နေ့က.....အတိတ်ဆိုးဖြစ်ခဲ့သည့်နေ့....ထိုလူသားနှင့် ဆုံခဲ့သည့် လာခြင်းကောင်းမှုတစ်စက်လေးမှမရှိခဲ့သော နေ့တရက်သည် ထိုလူသားဟာ ဂျေတက်နေသောကျောင်း၌ ပညာသင်ဆုပေးရန် အစုရှယ်ယာလာထည့်သည့် စီးပွားရေးသမားတစ်ယောက်အဖြစ်နှင့်ပင်။
*ဂျေ....ဒီနေ့ကျောင်းမှာ ပညာသင်စရိတ်ပေးဖို့ကျောင်းကိုထောက်ပံ့ပေးမဲ့သူရောက်နေတယ်တဲ့*
အတန်းထဲသို့ရောက်ရောက်ချင်း သူငယ်ချင်းဖြစ်သူ ဟိုဆော့၏ ဆီးကြိုသောစကားကြောင့် ဂျေသည်မျက်ခုံးလေးအသာအယာပင့်ကာ "ဘာဖြစ်လဲ" ဆိုသည့်သဘောဖြင့် အသံတိတ်ပြန်ဖြေလိုက်သယောင်။
သိပ်မကြာပါ အတန်းထဲသို့ဝင်လာသောဆရာမသည် ပထမဆုံးအချိန်၌ စာသင်ရမည့်အစား တစ်ခုခုပြောရန် ကျောအနောက်တွင်ရှိသော ကျောက်သင်ပုန်းအား လက်ဖြင့်ရိုက်ကာ အတန်းကိုငြိမ်စေခဲ့၏။
*ကဲကဲ အားလုံးပဲနားထောင်ကြမယ်*
ဆရာမ၏စကားကြောင့် အတန်းလေးဟာငြိမ်ကျသွား၍ အတန်းသားများ၏အာရုံသည် ဆရာမထံတွင်သာရှိကာ ဆရာမပြောလာမည့်စကားလေးအား နားစွင့်နေကြလေသည်။