Episode 9 (Z+U)

6K 402 6
                                    

(Zawgyi code)

"ဘာကိုလွန်သွားပြီလဲ? တို့ မဟုတ်ပဲနဲ့ မင်းကို စွပ်စွဲနေတာ မဟုတ်ဘူး"

"ကျုပ်က ခင်ဗျားကို ဘာများတက်လုပ်မိနေလို့လဲ"

"မင်း ဟိုနေ့ညက တို့ရေချိုးနေတာကို ရေချိုးခန်းထဲဝင်လာပြီး နမ်းသွားသေးတယ်လေ။ ဒီမှာကြည့်။ ဒဏ်ရာတောင် ကျန်နေသေးတယ်"

လည်တိုင်မှာ ခပ်ရေးရေးကျန်နေသေးတဲ့ မာကင်ရာကို လက်ညိုးနဲ့ထိုးရင်း မေပြန်ပြောတော့ ဂျူးခဏတော့ စကားလုံးတွေပျောက်ရှကုန်ရတယ်။

"အောင်မာ... ခင်ဗျားနော်... လူကို... "

"နေစမ်းပါဦးဂျူး... မင်းက တို့ကိုဘာများမှတ်နေတာလဲ... ဘာလဲ မင်းရဲ့ ကစားစရာအရုပ်တစ်ခုလို့ ထင်နေတာလား? ပျင်းတယ်ရှိတိုင်း လာဆော့မယ်... ကစားမယ်။ ဟုတ်လား... ဂျူး တို့က မင်းအကိုရဲ့ မိန်းမနော်"

"ခင်ဗျားနော်... ပါးစပ်ပိတ်ထား။ အဲဒါ ဂျူးသိတယ်။ ဂျူးကို ထပ်ထပ်ပြီးလာမပြောနဲ့"

ဂျူးမကျေနပ်စွာ ကုန်းအော်တော့ မေငြိမ်သွားတယ်။

ဟုတ်တယ်။ တကယ်ပြောတာ။ ဂျူးဟာ မေဟာ ကိုကိုနဲ့လက်ထပ်ထားတဲ့မိန်းမဆိုတဲ့အတွေးကို တွေးမိတိုင်း နာကျင်ရတာ။

"ကိုကိုက ခင်ဗျားလင်ဆိုတာ ကျုပ်သိတယ်။ ခင်ဗျား စောက်ပိုတွေလုပ်ပြီး ထပ်ထပ်မပြောနဲ့။ နောက်ပြီး ဟိုနေ့က ခင်ဗျားကို ဂျူးနမ်းလိုက်တယ်ဆိုတာကလည်း..."

"မင်းအခန်းထဲ ရေလာဝင်ချိုးတာကို မကျေနပ်လို့ မုန်းမုန်းနဲ့ အမြင်ကပ်ပြီး လုပ်လိုက်တာ မဟုတ်လား? နောက်နောင် အခန်းထဲဝင်မလာရဲအောင်လေ။ ရှုတ်ရှုတ်ယှက်ယှက်တွေ လာမလုပ်ရဲတော့အောင်..."

ဂျူးပြေမယ့်စကားက တစ်ခု။

မေဟာ သူ့စိတ်ထင်ရာကိုပြောချလိုက်တော့ ဂျူးလမ်းပျောက်သွားတယ်။ ဘာဆက်ပြောရမှန်းမသိ။

ထားလိုက်တော့။ ဘာမှမသိတဲ့ ဒီနားဝင်တိမ်တောင်မိန်းမကို ရှင်းပြဖို့လည်း ဂျူး မကြိုးစားချင်တော့။

"တော်ပြီ။ ခင်ဗျားနဲ့ စကားဆက်မပြောတော့ဘူး"

ဂျူးပြောပြီးအခန်းထဲက ပြန်ထွက်ဖို့ လှည့်လိုက်တော့ မေက လှမ်းခေါ်ပြန်တယ်။

"နေဦး... မသွားနဲ့ဦး"

ကြည့်! ဂျူးဟာ မေ့ကို စိတ်ဆိုးနေတာတောင် မေ့တားမြစ်မိန့်ကို နာခံနေတုန်း။

ခြေလှမ်းတွေကလည်း အလိုလို ရပ်တံ့သွားပြီ။

မေ ထိုင်နေရာမှ ထရပ်လာပြီး ဂျူးရှေ့လျှောက်လာခဲ့တယ်။

အာ ဒီမိန်းမနဲ့တော့ ပြဿနာပဲ။ မကြောက်မလန့် အနားတိုးလာရဲသေးတယ်။

ဆွဲဖက်ပြီး နမ်းပစ်မိတော့မှ အခက်။

"မင်း တို့အခန်းထဲလာတာ ဘာကိစ္စရှိလို့လဲ?"

ဆရာမကြီးဂိုက်နဲ့ လက်ပိုက်ရင်း လာမေးနေတဲ့ မေ့ပုံစံက ပိုပြီး အသည်းယားချင်စရာ။

ဂျူး ဆတ်ခနဲ အကြည့်ကို လွှဲပစ်လိုက်ရင်း အခန်းထဲလာရခြင်း အကြောင်းအရင်းကို ခပ်တိုတိုလေး ပြောပြလိုက်မိတယ်။

"ဒီမှာ ကျုပ်ဒီကိုလာတယ်ဆိုတာ ခင်ဗျားဆီက ကိုခန့်ထည်ရဲ့ ဖုန်းနံပါတ်ကို တောင်းဖို့။ အကြောင်းမရှိပဲ ကျုပ် ခင်ဗျားဆီ မလာဘူး... ရှင်းလား?"

ဂျူးခပ်တည်တည်နဲ့ ဟောက်လိုက်တော့ မေ ငြိမ်သွားတယ်။

ပြီးတော့ ဘာမှဆက်မပြောတော့ပဲ အခုန သူထိုင်နေတဲ့ ပလက်ကုလားထိုင်ဘေးရဲ့ စားပွဲအပုလေးပေါ်က ဖုန်းကိုသွားယူပြီး ဂျူးလက်ထဲထည့်ပေးတယ်။

"Password က ဘာလဲ?"

"၂၃၁၁၂၀၀၂"

ဂျူးက မေပြောတဲ့ password ကို ရိုက်ထည့်နေရင်းမှ ဟင် ဒါက ဂျူးရဲ့မွေးနေ့ပါလားဆိုပြီး တွေးမိသေးတယ်။

ဒါပေမဲ့ မေကတော့ ဂျူးမွေးနေ့ကို သူ့ဖုန်း password အဖြစ်ထားပါ့မလား၊ ဒါက တိုက်ဆိုင်တာပဲဖြစ်ရမယ်။

ဖုန်းပွင့်သွားတော့ အထဲမှ ခန့်ထည်ရဲ့ဖုန်းနံပါတ်ကို ဂျူးရှာပြီး ကူးယူလိုက်ကာ ဖုန်းကို မေ့လက်ထဲ ပြန်ထည့်ပြီး ဂျူး ထိုအခန်းထဲက ထွက်ခဲ့လိုက်တယ်။

ဂျူးတံခါးလေး အပြင်ဖက်က ပြန်စေ့ပေးသွားတာကို မေရပ်ကြည့်ရင်း စိတ်မောသက်ပြင်းတစ်ခု လွတ်လွတ်လပ်လပ်ချပစ်လိုက်ရတယ်။

"တို့ ဖုန်းရဲ့ password မင်းမွေးနေ့ဆိုတာကို မင်းသတိမထားမိတာလား ဂျူးရယ်"

----------------------------------------------------

ဂျူး သူ့အခန်းထဲပြန်ရောက်တော့ ခန့်ထည်ဖုန်းကိုခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ ဖုန်းကိုခေါ်ပြီး ဘာပြောမှာလဲ။

ဘာမဆိုကူညီမယ်လို့ပြောခဲ့တယ်ဆိုတော့ ဂျူး ပဲရစ်မှာ ကျောင်းဆက်တက်ဖို့ကိစ္စ အကူညီတောင်းရင် ကောင်းမလားလို့ တွေးမိသေးတယ်။

ဒါပေမယ့် ပထမတော့ သေချာတယ်၊ ဂျူးက ပဲရစ်ကိုပဲ ပြန်ချင်နေတာ။ ဒီအိမ်လည်း မရရင်နေပါစေ။

အခုကတော့ စိတ်က ပြောင်းသွားပြီ။

ဂျူးသာ ပဲရစ်ပြန်သွားရင် သေချာတယ်။ ဟိုလူက အီအီ၊ မေက နုနုနဲ့ဆိုတော့ ငြိသွားကြမှာ။

ဒါကိုတော့ ဂျူး ခါးခါးသီး မလိုလားဘူး။

ဟုတ်တယ်လေ။ ကိုယ့်အကိုက သေတာတောင် မကြာသေးဘူး။

မေ ဒီလိုဇာတ်မျိုးခင်းလို့ကတော့ အသက်ချင်းလဲချင် လဲရပါစေ။

ဂျူး လုပ်မှာ။

ဒါဆို ခန့်ထည်ဆီကို ဘာအတွက် ဖုန်းဆက်မလဲ။

ပြန်တွေးကြည့်တော့ ဖုန်းဆက်စရာက သိပ်မရှိ။

ဂျူးက ခန့်ထည်ရဲ့ ဖုန်းနံပါတ်ကို သွားတောင်းတယ်ဆိုတာကလည်း မေ့ဖုန်းထဲက ဟိုလူ့ဖုန်းနံပါတ်ကို ဖျက်ချင်လို့။ မဖျက်ခင် Block လိုက်ဦးမှာ။

ဒါမှ ဒင်းတို့ အဆက်သွယ် ပြတ်သွားမှာ။

ဒါပေမဲ့ ဖုန်းပေးရင်း မေက မတ်တပ်ကြီးရပ်ပြီး ကြည့်နေတယ်ဆိုတော့ ဂျူးစိတ်ထင်တိုင်း မလုပ်ခဲ့ရ။

စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကို ကုတင်ပေါ်ပြစ်တင်ခဲ့လိုက်ရတယ်။

ပြီးတော့ တခြားဘာကိုမှ မတွေးချင်တော့ပဲ ဂျူး အိပ်ရာဝင်ခဲ့လိုက်တယ်လေ။

ဒါပေမဲ့ ဂျူးမြင်ခဲ့ရတဲ့ မေသီချင်းနားထောင်နေတဲ့ပုံစံက တော်ရုံနဲ့ ဂျူး အာရုံထဲက ထွက်မသွား။
----------------------------------------------------

ဒီနေ့ ကိုကို့အုတ်ဂူလေးကို သန့်ရှင်းရေးသွားလုပ်ဖို့ မာမီပြောထားလို့ ဂျူး မြန်မာဆန်ဆန် လုံလုံခြုံခြုံလေးဝတ်ပြီး အောက်ထပ်ဆင်းလာတော့ မာမီရော မေပါ အဆင်သင့်ဖြစ်နေပြီဆိုတာ တွေ့လိုက်ရတယ်။

မေက မိုးပြာရောင် မြန်မာဝမ်းဆက်လေးနဲ့။ ခါးသေးသေးလေးက မဆိုစလောက်လေး ပေါ်နေသေးတာ ဂျူးသတိထားမိသေးတယ်။

သင်္ချိုင်းက အပြန် အပြင်မှာ မေ့ကို တစ်ခုခု လိုက်ဝယ်ကျွေးဦးမယ်လို့ ဂျူးတွေးမိတယ်။

ဂျူးဟာ မေ့ကိုကြည့်သာ ကြည့်မရတာ။

ဟိုးအရင် ကျောင်းသူဘ၀တည်းက မေနဲ့ အတူယှဉ်ပြီး လမ်းလျှောက်ခဲ့ရတာကို ကျေနပ်ဖူးခဲ့တာ။

မေနဲ့တူယှဉ်လျှောက်လိုက်တိုင်း လည်ပြန်ငေးငေးသွားတဲ့ လူတွေကို လိုက်ကာငေးကြည့်ရင်း ဂုဏ်ယူသလိုလေးဖြစ်လာရတဲ့ စိတ်ဘ၀င်လေးကို ဂျူး ခိုက်တယ်။

အဲဒီခံစားချက်လေးက ဘယ်လိုလေးလဲမသိ။ ဖော်ပြရတာတော့ ခက်ခဲလှတယ်။

"ကဲ အားလုံး အဆင်သင့်ဖြစ်ပြီဆို သွားမယ်"

မာမီပြောလို့ ပေါ်တီကိုအောက် ဂျူးထွက်ဖို့ပြင်တော့ ဂျူးလက်ဖျံကို မေက လှမ်းဆွဲလိုက်တယ်။

ဂျူး ဘာလဲဆိုတဲ့သိချင်စိတ်နဲ့ လှည့်ကြည့်တော့ မေက ဂျူးလက်ထဲ ကားသော့လေး ထည့်ပေးတယ်။

"ဘာလုပ်ဖို့လဲ ဒီကားသော့က"

"မောင်းဖို့လေ... မင်းမောင်းဖို့"

"အာ... လိုင်စင်သေနေလောက်ပြီ။ လိုင်စင်လည်း အခန်းထဲ ကျန်ခဲ့တယ်။ တက်မယူချင်ဘူး။ ခင်ဗျားပဲ မောင်းတော့..."

"မဟုတ်ဘူး။ တို့က ကိုခန့်ရဲ့ကားနဲ့လိုက်မှာ..."

မေပြောလိုက်တော့မှ ဂျူးသတိထားပြီးကြည့်လိုက်တော့... ဟုတ်သားပဲ။ ဟိုကောင် ခန့်ထည်ရဲ့ကားက ခြံထဲမှာ။

ဒီလူက ဘာလိုက်လုပ်မှာလဲ။
သူများ မိသားစုတွေပဲ သွားရမယ့်ကိစ္စကို။

ဂျူး မကျေနပ်မှုကြောင့် မျက်မှောင်တွေကျုံ့ကုန်ပြီ။

ဒါကိုမေက သတိပင်မထား။ ပေါ်တီကိုအောက်သို့ လျှောက်လာနေတဲ့ ခန့်ထည်ဆီသို့ လျှောက်သွားတယ်လေ။

ခန့်ထည်အနားရောက်တော့ မေဟာ ခန့်ထည်ကို အားပေးသလိုလေး လက်မောင်းကို လှမ်းကိုင်လိုက်တာမြင်လိုက်ရတော့ ဂျူးမျက်လုံးတွေ ပြူးကုန်တယ်။

ဟိုလူ့လက်မောင်းက မေ့ရင်ဘတ်တွေအနား ဝေ့ခနဲ၊ ဝေ့ခနဲနဲ့။

အမယ်လေးလေး... ကုန်ပါပြီ။ ကုန်ပါပြီ။

"ဂျူးလေး... ကိုကို့ကားနဲ့လိုက်မှာလား... ဒါမှမဟုတ် အာကာ့ကားကိုမောင်းခဲ့မှာလား?"

ဂျူးကသာ မလိုတမာစိတ်တွေနဲ့ ခန့်ထည်ကိုကြည့်မရဖြစ်နေတာ။

ခန့်ထည်ကတော့ ပကတိဖြူစင်အေးချမ်းစွာ ဂျူးကို လှမ်းနှုတ်ဆက်တယ်။

"သူ ကိုခန့်ကားနဲ့လိုက်မှာမဟုတ်လောက်ဘူး။ သွသူမောင်းသွားမယ်နဲ့တူတယ်... မာမီနဲ့ တစ်ကားလိုက်ခဲ့ပါစေ..."

ခန့်ထည်မေးတာကို ဂျူးတောင် မဖြေရသေးဘူး။

မေက ကြားက မဆီမဆိုင်ဝင်ဖြေလို့ ဂျူး ပိုစောက်မြင့်ကပ်မိသွားတယ်။

ဘာလဲ ဒီမိန်းမ... ဂျူးတို့နောက်ကွယ်မှာ ဒီကောင်နဲ့ အတူတူ လွတ်လွတ်လပ်လပ်သွားကြူချင်နေတာလား။

မာမီကလည်း အထူအပါးနားမလည်ပဲ ပြောသေးတယ်။

"ကဲ ကဲ... အာ့ဆိုလည်း ဂျူး။ သွား လိုင်စင်သွားယူခဲ့။ ပြီးရင် မာမီနဲ့ ဂျူး တစ်စီး၊ မောင်ခန့်ထည်နဲ့ မေ တစ်စီး သွားကြမယ်..."

ဂျူးတော့ မာမီ့ဆန္ဒကို မလိုက်လျောနိုင်ပါဘူး။

ကိုကို့အတွက် အတတ်နိုင်ဆုံး မေ့ကိုကာကွယ်ရမှာက ဂျူးတာဝန်မဟုတ်လား။

"ဟင့်အင်... ဂျူး ကားမောင်းချင်စိတ်မရှိဘူး"

"ဒါဆို ဂျူးလေးရော မာမီပါ ကျတော့်ကားနဲ့ပဲလိုက်ခဲ့ပါလား... အာ့ဆိုမိသားစုအကုန်လုံး တစ်စုတစ်စည်းတည်း သွားရတာပေါ့။ ဒါကို အာကာမြင်ရင်လည်း အရမ်းကျေနပ်သွားမှာ..."

"အင်း ကောင်းတယ် ကိုခန့်။ အတူတူသွားကြတာပေါ့"

ဂျူးပြောပြီးတာနဲ့ မလိုလားစွာဖြင့် ခန့်ထည်လက်ကို ချိတ်ထားတဲ့ မေ့လက်ကို ခပ်သွက်သွက်ဆွဲခေါ်လိုက်မိတယ်။

"လာ... ဒေါ်ဟန်နီမေ... ဂျူးတို့ နောက်ခန်းမှာ အတူတူထိုင်ကြမယ်..."

"အာ... ဟိတ်... ဖြည်းဖြည်းလုပ်ပါ... ချော်လဲကုန်ဦးမယ်..."

ပြောလည်းပြော၊ ဆွဲလည်းခေါ်သွားမိတော့ မေလည်း ဂျူးနောက် ကန့်လန့်ကန့်လန့်နဲ့ ပါသွားရတယ်။

ဒါကိုကြည့်ပြီးပြုံးနေမိတာ ခန့်ထည်။

"ကိုအာကာပြောတာ အမှန်ပဲ မာမီ။ ဂျူးလေးက တကယ့်ကို စိတ်မြန်လက်မြန်လေး... လာမာမီ သွားရအောင်။ ကျတော် တံခါးဖွင့်ပေးမယ်"

ခန့်ထည်က မာမီ့ကို လေးလေးစားစားနဲ့ ကားတံခါးကိုတောင် ကိုယ်တိုင်လိုက်ဖွင့်ပေးတယ်။

မေနဲ့ဂျူးကတော့ နောက်ခန်းမှာ အတူတူထိုင်တာပေါ့။

ပြီးတော့ ခန့်ထည် ကားမောင်းထွက်လိုက်တယ်။

အဲဒီမှာပဲ ဂျူးထပ်ပြီးသိလိုက်ရတာက ခန့်ထည်ဆီမှာ မေတို့ခြံတံခါးသော့ရှိနေတယ်ဆိုတာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ခန့်ထည်က ခြံပြင်ကို ကားမောင်းထွက်ပြီးသွားတာနဲ့ ကားပေါ်ကဆင်းပြီး ခြံတံခါးကို သော့သွားခတ်တော့ မေ့ဆီက သော့ကို တောင်းမယူသွားဘူးလေ။

ခန့်ထည်ရဲ့ ကားသော့ချိတ်ထဲမှာကိုပဲ မေ့ခြံတံခါးသော့က ရှိနေတာ။ ခြံတံခါးသော့တောင် ရှိနေမှတော့ အိမ်တံခါးသော့လည်း မရှိနေဘူးလို့ မပြောနိုင်။

ဒီလိုနဲ့ ဂျူးတို့ ၄ ယောက် ကိုကို့အုတ်ဂူဆီ သွားခဲ့ကြတယ်ပေါ့။

လမ်းမှာ ကိုအာကာက သတိတရနဲ့ ပန်းဆိုင်ကိုဝင်ပြီး ပန်းစည်းလေးတွေဝယ်သေးတယ်။

ကိုကို့အုတ်ဂူဆီရောက်တော့ ခန့်ထည်က သူဝယ်လာတဲ့ ပန်းစည်းကို အုတ်ဂူလေးပေါ်တင်ပြီး စကားတွေ တီးတိုးပြောနေသေးတယ်။

ဂျူးလည်း ကိုကိုသိအောင်ပြောချင်တဲ့စကားတွေ ပြောခဲ့ပါသေးတယ်။

"ကိုကို့ကို ပန်းစည်းလာပေးတဲ့ကောင်က ကိုကို့မိန်းမကို ကြံတော့မယ့်ကောင်နော်။ ကိုကို ဘာကိုကြည့်ပြီး ဒီလိုလူနဲ့ သူငယ်ချင်းလုပ်ခဲ့လဲ မသိဘူး"

မေကတော့ ခန့်ထည်ရဲ့ ဆွေးမြေ့နေမှုကို ငေးကြည့်ရင်း မျက်ရည်လေးတွေဝေ့လို့နေတယ်။

မာမီကတော့ ငိုတာပေါ့နော်။ ငယ်ငယ်လေးသားရယ်... အဖြစ်ဆိုးလှချည်လားဆိုပြီးပေါ့။

မာမီဆက်ငိုနေရင် မူးလဲတာတွေ၊ ဘာတွေဖြစ်လာမှာစိုးလို့ ဂျူးလည်း မာမီ့ကို နှစ်သိမ့်ကာ ကားဆီကိုပြန်ခေါ်လာခဲ့လိုက်ရတယ်။

မာမီ့ကို ကားခေါင်းခန်းထဲထည့်ပြီး ဂျူး ကားနောက်ခန်းကို မတက်နိုင်သေးဘူး။
ကိုကို့အုတ်ဂူနားက ခန့်ထည်ကို နှစ်သိမ့်သလိုလေး ကျောကိုပွတ်ပေးနေတဲ့ မေ့ကို လှမ်းကြည့်မိနေတယ်။

ဂျူးသိသလောက်ဆို မေနဲ့စသိတည်းက မေဟာ တော်ရုံလူနဲ့ ဒီလို ထိတွေ့တာမျိုး မရှိခဲ့ပါဘူး။

အခုမှ မေက ဘယ်လိုဖြစ်နေတာလဲ မသိဘူး။

ခန့်ထည်ကိုဆိုရင် နှစ်သိမ့်ပေးရတာနဲ့ ဂရုစိုက်ပေးရတာနဲ့။

ဂျူးအတွက် တော်တော်လေး အဆင်မပြေတဲ့ မြင်ကွင်းမျိုး။

အဲဒါကြောင့် ဆက်သီးခံမနေတော့ပဲ ဂျူး ခေါင်းခန်းတံခါး သွားဆွဲဖွင့်ပြီး ဟွန်းကို ခဏပြီးခဏ တီးပစ်လိုက်မိတယ်။

"ဟဲ့ ... ဂျူး ဘယ်လိုဖြစ်တာလဲ။ လာမှာပေါ့ဟယ် သူတို့တွေ။ ကိုယ်တွေနဲ့ ပိုပြီး ရင်းတာတောင် ကိုယ်တွေက ကားပေါ်ရောက်နေပြီ။ သူတို့တွေ နေပါစေ့..."

"အာ မာမီ မသိပါဘူး။ တိတ်တိတ်နေပါ... ကွကို အေးဆေးနေ။ မူးမလဲအောင်သာ ကြိုးစား။ နေရာတကာ ၀င်မပါနဲ့"

မာမီတားလည်း ဂျူးက စိတ်ထင်တိုင်းလုပ်နေလေတော့ မာမီလည်း လက်လျော့လိုက်ရတယ်။

ဂျူး ဟွန်းအဆက်မပြတ်တီးနေတာကိုကြားတော့ မေလှည့်ကြည့်တယ်။

ပြီးတော့ ခန့်ထည် လှည့်ကြည့်လာတယ်။

ဂျူး ခပ်တည်တည်ပဲ လက်ပိုက်ပြီး သူတို့တွေကို စိုက်ကြည့်နေလိုက်မိတယ်။

ထို့နောက် ဂျူးရှိနေတဲ့ကားဆီ ပြန်လျှောက်လာတဲ့ ခန့်ထည်နဲ့မေဟာ စကားတွေပြောနေကြသေးတယ်။

ပြီးတော့ ခန့်ထည်ဘာပြောလိုက်တယ် မသိဘူး။

မေဟာ ရှက်ပြုံးလေးနဲ့ ခန့်ထည်လက်မောင်းကို ပိတ်ရိုက်လိုက်တာ မြင်လိုက်ရတော့ ဂျူး ခေါင်းကြောတွေ ထောင်ကုန်တယ်။

ဟာ... ဒီမိန်းမ ခန့်ထည်ကို ပေါ်တင်ကြီး အထာတွေပစ်ကျွေးနေတာလား?

"ဟေ့... မြန်မြန်လာကြလေ။ ဟိုမှာ မာမီ မူးပြီး သတိလစ်တော့မယ်..."

ဂျူး မကျေမနပ်နဲ့ အော်လိုက်တော့ မေနဲ့ ခန့်ထည်တို့ ခပ်သွက်သွက်လေး လျှောက်လာတာ တွေ့လိုက်ရလို့ ဂျူး ကျိတ်ပြုံးလိုက်မိသေးတယ်။

ဂျူးအနားရောက်တော့ ခန့်ထည်က စိုးရိမ်သလိုလေး မေးသေးတယ်။

"ဂျူး မာမီ တော်တော်ဖြစ်နေတာလား။ မောနေသေးလား။ မဖြစ်သေးပါဘူး။ ဆေးခန်းတန်းမောင်းမှဖြစ်မယ်ထင်တယ်"

"အခုနတော့ တော်တော်ဖြစ်နေတာ။ ခုတော့ မသိဘူးလေ... ကားခေါင်းခန်းထဲ မေ့လဲနေပြီလားတောင် မသိဘူး"

ဂျူးပြောလိုက်တော့ ခန့်ထည်ပြာယာခတ်ပြီး မာမီရှိနေတဲ့ ကားခေါင်းခန်းကို အမြန်သွားဖွင့်ကြည့်တယ်။

"မာမီ သက်သာလား?"

"အင်း သက်သာပါတယ် သားရဲ့..."

"တော်ပါသေးရဲ့။ ကျတော် အရမ်းစိုးရိမ်သွားတာ... ကဲ အာလုံးလည်းဗိုက်ဆာနေကြရောပေါ့။ ကျတော်တို့ တစ်ဆိုင်ဆိုင်မှာ သွားစားကြမယ်..."

ဒီလိုနဲ့ ခန့်ထည်က အပြန်လမ်းတွင် အိမ်သို့တန်းမမောင်းပဲ စားသောက်ဆိုင်တစ်ဆိုင်သို့ မောင်းနှင်ခဲ့တယ်လေ။

စားသောက်ဆိုင်ထဲရောက်တော့ စားပွဲထိုးက ရေသန့်ဗူးနဲ့ ခွက်တွေ လာချပေးရင်း Menu လာပေးတယ်။

စားပွဲထိုးလာပေးတဲ့ Menu ကို ဂျူးနဲ့ မာမီက ကြည့်လိုက်ပေမယ့် မေကတော့ ယူမကြည့်ဘူး။

အံမယ်... ခန့်ထည်က မေ့အကြိုက်တွေကို သိနေတာ။

မေ့အတွက် ခန့်ထည်ကပဲ မနက်စာကို မှာပေးနေတာ။ ဒါကိုလည်း မေက ခေါင်းညိတ်လက်ခံနေသေးတာ။

ဂျူး မျက်လုံးထဲ လုံးဝ ကြည့်ရတာ အဆင်မပြေတော့။

အဲဒါကြောင့် သောက်လက်စ ရေခွက်ကို လက်နဲ့တိုက်မိဟန်ဆောင်ပြီး မေ့ပေါင်ပေါ် လောင်းချပစ်လိုက်တယ်လေ။

"အမယ်လေး... အေးလိုက်တာ..."

ရေတွေက ရေခဲရေဆိုတော့ မေဆတ်ဆတ်ခါသွားတဲ့အထိ အေးသွားရတာ။

ဒါကိုမြင်တော့ ဂျူးမှာ ရယ်ချင်စိတ်ကို မနည်းတင်းထားရသေးတယ်။

"အာ... ဂျူး... ကြည့်... ဒီကောင်မလေး... ဘယ်လိုတွေလုပ်နေတာလဲ?"

"အာ မမြင်လို့ဟာကို... မာမီကလည်း... မမြင်လို့ဖြစ်တာလေ... ဘာလဲ ထိုင်ကန်တော့ပေးရမှာလား...?"

"ရတယ် မာမီ... မေ Tissue နဲ့ သွားသုတ်လိုက်မယ်... ခဏနော်..."

မေပြောပြီး အိမ်သာဆီသို့ ထသွားတော့ ရေကွက်က မေ့ထမီနောက်မှာပါ အကွက်လိုက်ကြီးဖြစ်နေတာ တွေ့လိုက်ရတော့ ဂျူးစိတ်ထဲ မကောင်း။

အမြင်ကပ်လို့ လုပ်လိုက်မိပေမယ့် သူတစ်ပါးအရှက်ကွဲရလောက်တဲ့အထိဖြစ်သွားတော့...

မိန်းကလေးချင်းကိုယ်ချင်းစာမိလို့လား ဘာလားတော့ မသိ။
ထိုင်နေရာကနေ ချက်ချင်း ဆတ်ခနဲ ထရပ်ပြီး မေ့နောက်တည့်တည့်သွားရပ်ကာ မေ့ခါးနှစ်ဖက်ကို ကိုင်လိုက်မိတယ်။

မေက အံ့သြသလိုလေးလှည့်ကြည့်တော့ ဂျူး ဆရာမကြီးအိုက်တင်နဲ့ ခပ်မာမာလေး ဖိဟောက်မိသေးတယ်။

"ခင်ဗျား ငြိမ်ငြိမ်နေ။ နောက်မှာ အကွက်ကြီးက ကြည့်မကောင်းလို့ ဂျူးလိုက်ကာပေးမလို့..."

"ဘာခုမှ ကြည့်မကောင်းဘူးလဲ... လုပ်တုန်းက သူပဲလုပ်ပြီး..."

"အယ် အာ့ဘာစကားကြီးလဲ?"

မေ့စကားကို ဂျူး နက်နက်နဲနဲတွေ လျှောက်တွေးပြီး မျက်နှာပင် ထူပူသွားရတယ်။

"ဟိတ်... ဘာတွေလျှောက်တွေးပြန်ပြီလဲ? မင်းအတွေးတွေက အမြဲကို မှောင်မိုက်နေတော့တာပဲနော်... မေပြောတာ ရေမှောက်တဲ့ကိစ္စကို..."

"ဂျူးလည်း ရေမှောက်တာကိုပဲ ပြောတာလေ... တမင်ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောထားပြီးပြီမို့လား?"

"တော်ပါ... ခုမှ... ကဲဖယ်..."

"မဖယ်ဘူး။ ရှေ့ဆက်လျှောက်။ ဂျူးလိုက်ခဲ့ပေးမယ်..."

ဂျူး ခပ်တည်တည်ပြောလိုက်တော့ မေက ဆတ်ခနဲ ပြုံးတယ်။

ဘာလဲ ဒီမိန်းမ။  အဲဒါ ဘာအပြုံးလဲ။

ပြီးတော့ မေဘာမှဆက်မငြင်းတော့ပဲ အိမ်သာဆီကိုသာ တန်းသွားတယ်လေ။

အိမ်သာထဲရောက်တော့ ရေကွက်ကို Tissue နဲ့ သုတ်တယ်။ ဒါပေမဲ့ အဆင်မပြေဘူး။

အဲဒါကြောင့် ရေကွက်ကို လူမမြင်အောင် ထမီကို လှည့်ဝတ်တယ်။

အဲဒါလည်း အဆင်ပြေလှတယ်မဟုတ်။

ရေတွေက ပေါင်ပေါ်ကနေတဆင့် အောက်ထိပေါက်ကျကုန်တာကိုး။

"အေးစိမ့်သွားမှာပဲ... ဟီးဟီး..."

ဂျူး သူ့အတွေးနဲ့ ကျိတ်ပြုံးလိုက်ရသေးတယ်။

မေထမီကိုလှည့်ဝတ်လိုက်တဲ့အခါ ရေကွက်က နောက်တည့်တည့်မှာ မဟုတ်တော့ဘူးဆိုတော့ နဲနဲ ခံသာတယ်လို့ ပြောလို့ရတယ်။

"ခင်ဗျားအကြိုက်တွေကို ဟိုလူက အကုန်သိနေတာလား?"

"အင်း သိတယ်လေ။ တို့က ကိုခန့်တို့နဲ့ မနက်စာကို အတူတူစားနေကျ။ ဒီဆိုင်မှာပဲ..."

"ခန့်ထည်တို့နဲ့ဆိုတော့... အဲဒီလူအပြင် တခြားဘယ်သူပါသေးလဲ?"

"ကိုအာကာလေ..."

မေပြောပြီး အိမ်သာထဲက ထွက်သွားတယ်။

ဒါပေမဲ့ ဂျူးနားမလည်တာက... မေ့အသုံးနှုန်း။
ခန့်ထည်တို့ဆိုတာ ဘာကိုဆိုလိုတာပါလိမ့်။
တကယ်တမ်း မေပြောရမှာက... တို့နဲ့ ကိုအာကာ မနက်စာစားတိုင်း ခန့်ထည်နဲ့အတူတူစားဖြစ်တယ်ဆိုတာမျိုး မဟုတ်ဘူးလား?

ဘာလဲ ဒီမိန်းမ... ဗမာလူမျိုးဖြစ်ပြီး ဗမာစကားကိုတောင် ခြေလိမ်အောင်ပြောတတ်တာ။
----------------------------------------------------

ဆက်ရန်...

(အေးနော်... ဖတ်ကောင်းတယ်ဆိုလည်း သူများတွေကို နဲနဲပါးပါး လက်တို့လိုက်ဦး...🤭
ကိုယ်တစ်ယောက်တည်း ကျိတ်ဖတ်မနေနဲ့ 😏
Vote ပေးဖို့လည်း မမေ့နဲ့...😁)

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now