(Zawgyi code)
"မောင်..."
ဟုတ်ပါတယ်။
မေဟာ ဂျူးကို စတွေ့တည်းက အဲဒီနာမ်စားလေးကို သုံးစွဲခွင့်ရချင်ခဲ့တာပါ။
ဂျူး သတိမထားမိခဲ့လို့ပါ။
တကယ်တော့... မေ့ဘေးနားမှာ သူငယ်ချင်းတွေ ဘယ်လောက်ပဲများနေပါစေ...
မေချန်ပေးထားတဲ့ ဂျူးအတွက် သီးသန့်နေရာလေးက အဆင်သင့်ရှိနှင့်ခဲ့တာ ဟိုးအရင်တည်းကပါ။
ဒီအကြောင်းတွေကို ဂျူး သိပါ့မလား?
ဂျူလီယာဆိုသော မေသိပ်ချစ်မြတ်နိုးနေရတဲ့ ထိုမိန်းကလေးကို "မောင်"လို့ခေါ်ခွင့် ဘယ်တော့များမှ ရမှာပါလိမ့်။
ရတယ်... ခေါ်ခွင့်မရချင်နေပါစေ။
ဒါပေမဲ့ တိတ်တခိုးလေးတော့ ကျိတ်ပြီး ခေါ်ပါရစေ။
အဲဒါကြောင့် ဂျူးကို နာမည်ခေါ်ရမယ်ဆိုတိုင်း မေ တုံ့ဆိုင်းဆိုင်းဖြစ်နေလေ့ရှိတာ။
မေ့အပေါ် ဂျူးဟာဘယ်လိုတွေပဲ ပြောဆိုဆက်ဆံနေပါစေ...
မေဟာ ဂျူးနဲ့ တစ်မိုးအောက်မှာ အတူတူနေခွင့်ရမယ် ဆိုရုံးလေးနဲ့တင် အတိုင်းမသိ ကျေနပ်နေမိတာပါ။
(၆)လဆိုတဲ့အချိန်ကာလတစ်ခုအထိ မေဟာ ဂျူးနဲ့တစ်အိမ်တည်း အတူတူနေခွင့်ရမှာပါလားဆိုတဲ့ အတွေးနဲ့တင် ပျော်လွန်းလို့ မျက်ရည်တွေဝေ့ရတဲ့အထိ။
ဂျူးနဲ့အတူနေခွင့်ရတဲ့ ထိုအချိန်ကာလအတွင်း မေဟာ ဂျူးကို အစွန်းကုန် ဂရုစိုက်ခွင့်ရချင်တယ်၊ ပြုစုခွင့်ရချင်တယ်၊ ယုယခွင့်ရချင်တယ်။
ဒါဟာလည်း မေ့အပေါ် ဂျူးစိတ်တွေ ယိမ်းယိုင် ညွှတ်ကျလာအောင် မြှူဆွယ်ချင်တဲ့ဆန္ဒလုံးဝ မပါ, ပါဘူးကွယ်။
မေဟာ ဒီအတိုင်းလေး ချစ်နေခွင့်လေး ရရှိတာကိုပဲ သာယာနေမိတာပါ။
ကိုယ်ချစ်တဲ့လူကို ဘယ်လိုပုံစံလေးပဲဖြစ်ဖြစ် ပတ်သတ်ခွင့်လေးရနေရင်ပဲ ကျေနပ်နေမိတာဟာ မေပုံဖော်မိတဲ့ ချစ်ခြင်းတစ်စုံရဲ့ အနက်အဓိပ္ပါယ်ပါ။
ဂျူးကြိုက်တတ်တဲ့ အစားစာတွေကိုတော့ မေ အကုန်လိုလိုသိတယ်။
ဒါဟာလည်း ကိုအာကာဆီကတဆင့် မေ မေးမြန်းခဲ့ရတာလေ။
နောက်ပြီး ဂျူးရဲ့ အနေအထိုင်အကျင့်စာရိုက်။ ဒါကိုလည်း မေသိသင့်သလောက် သိနေခဲ့ပြီးပြီ။
ဂျူးကို အပြင်တွေ ခဏခဏမထွက်ဖြစ်အောင်တော့ မေ မနည်းထိန်းရမယ်နော်။
နောက်ပြီး ကလပ်တွေတက်၊ ဘားတွေသွားတာမျိုး မလုပ်အောင် ပြောရမယ်။
အမယ်လေး... ဂျူးနဲ့အတူနေခွင့်ဟာ ထင်သလောက်တော့ မလွယ်ကူလှပါဘူးကွယ်။
အို... ဘာပဲဖြစ်ဖြစ်ပါ။
မေ့ချစ်သူလေးဟာ မေ့မျက်စိအောက်မှာ ရှိနေမှာပဲလေ။
ကုန်ကုန်ပြောရရင်... တစ်နေ့လုံး အပြင်တွေလျှောက်သွား နေမယ်ဆိုရင်တောင် အနည်းဆုံးတော့ ဂျူးဟာ ညဖက်ရောက်ရင်တော့ အိမ်ပြန်လာအိပ်မှာပဲလေ။
ဒီအိမ်ကြီးထဲမှာ မေနဲ့အတူ ဂျူးလည်းရှိနေပါလားဆိုတဲ့ အသိလေးနဲ့တင် မေဟာ နွေးထွေးကျေနပ်နေမိပါပြီ။
ဒါဟာ နည်းတဲ့ ကံတရားလား?
----------------------------------------------------
ဒီလိုနဲ့ အာကာရဲ့ (၇)ရက်ပြည့် ရက်လည်ဆွမ်းသွပ်ရတဲ့နေ့ကို ရောက်လာခဲ့တယ်။
အဲဒီနေ့က မေဟာ အနက်ရောင်ပိုးကတ္တီပါဝမ်းဆက်လေးနဲ့ အရမ်းကို လှပတင့်တယ်လွန်းနေသလို ဂျူးဟာလည်း မြန်မာဆန်ဆန် ရွှေအိုရောင်သစ်ခွပန်းပွင့်တွေပါတဲ့ အနက်ရောင်အခံ ကီမိုနိုဝမ်းဆက်လေးနဲ့ အေးချမ်းလွန်း နေတယ်။
ဂျူးဟာ ဂျင်းဘောင်းဘီအပွကြီးတွေနဲ့ အပေါ်က တီရှပ်အပွကြီးတွေကို ၀တ်ဆင်လေ့ရှိလို့သာ ခန္ဓာကိုယ်ဟာ မပေါ်လွင်ပဲ ရှိနေခဲ့ရတာ။
ဂျူးရဲ့ ကိုယ်ခန္ဓာက မေနဲ့ မတူဘူး။
မေဟာ လုံးလုံးသွယ်သွယ်လေးနဲ့ အရပ်ရှည်တာ။ အရမ်းကို မိန်းမဆန်တဲ့ ကိုယ်ခန္ဓာမျိုး။
ဂျူးကျတော့ ပခုံးတွေက ကားကျယ်ပြီး ခန့်ခန့်ထည်ထည်ကြီး။ ဂျူးအရပ်ကတော့ ၅ပေ ၈ လက်မလောက်ရှိတယ်ဆိုတော့ မေ့ထက်တော့ ၃ လက်မလောက် ပိုရှည်တာပေါ့။
အခုလို မြန်မာဆန်ဆန်လေး ၀တ်ဆင်လိုက်တော့ ခမ်းနားဝင့်ထည်လှတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းတွေ ပေါ်လွင်နေလွန်းလို့ မေဟာ ဂျူးမသိအောင် ခဏ ခဏခိုးကြည့်မိတဲ့ အထိပါပဲ။
အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို ယဉ်ယဉ်ကျေးကျေးလေး ဧည့်ခံနေတဲ့ ဂျူးအပြုအမူလေးတွေကို ငေးကြည့်ရတာ မေ့အဖို့ သာယာစရာကောင်းလေစွ။
မာမီလည်း အနက်ရောင်များများပါတဲ့ ချိတ်ဝမ်းဆက်ဝတ်ထားတယ်လေ။
အချိန်တန်တော့ မာမီပင့်ထားတဲ့ ဘုန်းဘုန်း ၅ ပါးကြွလာတယ်။
ဘုန်းဘုန်းတွေရောက်လာပြီး မကြာဘူး။ တရားနာလိုက်ကြတယ်။
တရားနာတော့ မာမီရယ်... ဂျူးရယ်... မေရယ်ဟာ ရှေ့ဆုံးတန်းမှာထိုင်ပြီး တရားနာတယ်။
ဘုန်းကြီးတွေရဲ့တရားသံကို လက်အုပ်လေးချီကာ နာနေတဲ့ ဂျူးမျက်ဝန်းလေးတွေစိုစွတ်လာတယ်။
မာမီကတော့ တရှုံ့ရှုံ့ ငိုကျွေးရှာတယ်။
တရားဆုံးတော့ ရေစက်ချ အမျှဝေကြရသေးတယ်။
ရေစက်လေးတွေချနေရင်း မေ့စိတ်ထဲမှာ ဂျူးချနေတဲ့ ရေစက်လေးတွေကို ခိုးကာကြည့်ရင်း ဒီရေစက်လေးတွေကဲ့သို့ မေဟာလည်း နောင်ဘ၀ဆက်တိုင်း ဆက်တိုင်း ဂျူးကို အနည်းဆုံးတော့ မြင်တွေ့ခွင့်လေး ရနေပါစေလို့ တိတ်ဆိတ်စွာ ဆုတောင်းမိပါသေးတယ်။
ပြီးတော့ ဘုန်းဘုန်းတွေကို လှူဝယ်ပစ္စည်းတွေ ကပ်လှူတယ်။
ဘုန်းဘုန်းတွေ ပြန်ကြွသွားတော့ လာသမျှဧည့်သည်ကို မုန့်ဟင်းခါးနဲ့ တည့်ခင်းဧည့်ခံတယ်။
ဂျူးစိတ်ထဲမယ် ယနေ့ဟာ ကိုကိုနောင်တမလွန်ကို အပြီးထွက်သွားပြီဆိုတာ သေချာသွားတဲ့ နေ့ပါပဲ။
ပြန်မလာတော့မယ့်နေရာကို ရောက်နှင့်နေတဲ့ ကိုကိုဟာ ဂျူးကိုများ တမ်းတနေဦးမလားလို့ တွေးမိသေးတယ်။
တရားနာထားရလို့နဲ့တူပါတယ်။ ဂျူး ဘယ်သူနဲ့မှ ပြဿနာ မဖြစ်ချင်ဘူး။
တည်တည်ငြိမ်ငြိမ်လေးပဲ နေချင်တယ်။
အဲဒါကြောင့်လည်း မာမီက မိတ်ဆက်ပေးနေမျှ အမျိုးတွေကို ဂျူး စိတ်ရှည်ရှည်နဲ့ နှုတ်ဆက်ပေးနေတာပေါ့။
အဲဒီအချိန်မှာပဲ ဂျူး မထင်မှတ်စွာမြင်တွေ့လိုက်ရတာက...
မေဟာ ဧည့်သည်တွေကြားထဲမှာမှ တစ်စုံတစ်ယောက်သော ဧည့်သည်ကို ဦးစားပေး ဆက်ဆံနေတယ်ဆိုတာပါပဲ။
ကိုကို့ထက် အရပ် ၂လက်မလောက် ပိုနိမ့်ထင်ရတဲ့ ထိုလူဟာ ကိုကိုနဲ့ အသက်ရွယ်တူတူလောက်ရှိနိုင်တယ်။
မဲနက်နေတဲ့ မျက်ခုံးထူထူကြီးတွေအောက်မှာရှိတဲ့ မျက်လုံးတစ်စုံဟာ တောက်ပပြီး ယောက်ျားပီသလှတယ်။
နှာတံချွန်ချွန်၊ နှုတ်ခမ်းမထူမပါးနဲ့ ထိုယောက်ျားရဲ့မျက်နှာပါ ပါးသိုင်းမွှေးညှင်းစိမ်းလေးတွေလည်း ရှိနေသေးတယ်။
မေဟာ ထိုလူရောက်လာတည်းက ထိုလူ့ဆီ ခရီးဦးကြိုလုပ်ကာ ပြေးကြိုတာကိုလည်း ဂျူးမြင်လိုက်ရတယ်။
တရားနာတော့လည်း မေဟာ ထိုလူ့ကို တစ်ချက်ချက် လှည့်လှည့်ကြည့်နေတာကိုလည်း ဂျူးသတိထားမိတယ်။
ရေစက်ချတဲ့အချိန်တောင် ဂျူးဟာ ထိုလူ့ကို လှည့်ကြည့်ပြီး အဆင်ပြေလား? အားတင်းထားနော်ဆိုပြီး အားပေးနေသေးတာ ဂျူးနားနဲ့ဆက်ဆက်ကြားခဲ့ရတာ။
ဘုန်းဘုန်းတွေပြန်ကြွသွားပြီး ဧည့်သည်တွေကို မုန့်ဟင်းခါးနဲ့ တည့်ခင်းတော့လည်း မေဟာ ထိုလူ့ဝိုင်းမှာပဲ သွားထိုင်နေတာ၊ ကျန်တဲ့ ဧည့်သည်တွေကို မာမီနဲ့ ဂျူးပဲ ဧည့်ခံနေရတဲ့အထိ။
မုန့်ဟင်းခါးစားတဲ့ ထိုလူ့ကို မေဟာ ငရုပ်သီးမှုန့်ထည့်ပေးရတာနဲ့၊ သံပုရာသီးညှစ်ပေးရတာနဲ့၊ Tissue ယူပေးရတာနဲ့၊ ရေသန့်ဗူးဖောက်ပေးရတာနဲ့။
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားမယ်ဆိုကာမှ မေ့လုပ်ရပ်တွေက ဂျူးစိတ်တွေကို လာဆွနေသလိုမျိုးပဲ။
မျက်လုံးထဲမြင်နေရတာတွေက သိပ်သဘာဝမကျတော့။
မသိရင် မေ့လင်သေတာနဲ့မတူပဲ၊ ထိုလူ့မယားသေလို့ ၀မ်းနည်းနေတဲ့ပုံစံမျိုး။
"မာမီ... အဲဒီလူက ဘယ်သူလဲ?"
"ဘယ်သူ့ကိုမေးတာလဲ... ဂျူး..."
"ဘယ်သူရှိမလဲ... ဟိုမှာလေ။ မာမီ့အလိမ္မာတုံးချွေးမလေး ကဲကဲလှုတ် ဂရုစိုက်ပြနေတဲ့ ကောင်ကိုပြောတာ..."
မာမီကတော့ ဂျူးပြောလိုက်မှ သတိထားမိတယ်နဲ့တူပါတယ်။ လူတွေကြားထဲမှ ရှောင်ရင်း မေ့ကိုလှမ်းကြည့်ရင်းစဉ်းစားတယ်။
"မာမီ သူ့ကိုမြင်တော့ မြင်ဖူးတယ် ဂျူးရဲ့။ နေပါဦး။ ဘယ်မှမြင်ဖူးတာပါလိမ့်..."
မာမီက မျက်လုံးတွေဒေါင့်ကတ်ရင်း လေးလေးနက်နက်စဉ်းစားပေးနေတာကိုတောင် ဂျူး စိတ်မရှည်ချင်။
"အော် မမှတ်မိပြီ။ သူပေါ့ ဂျူးရဲ့။ မင်းကိုကိုရဲ့ မင်္ဂလာဆောင်မှာ အခု မေစီးနေတဲ့ကားကို လက်ဖွဲ့ပေးခဲ့တာ... အေးပေါ့ ဂျူးက ကိုကို့မင်္ဂလာဆောင်ကို မလာဘူးဆိုတော့ ဘယ်လိုလုပ်ပြီး သိမှာလဲ?"
မင်္ဂလာဆောင်ကိုလာပြီး လက်ဖွဲ့တယ်ဆိုတည်းက ဒီလူဟာ ကိုကိုနဲ့ပါ သိရမယ်လို့ ဂျူးယူဆမိတယ်။
"သူ့နာမည်... မာမီသိလား?"
"သိတယ် သိတယ်... မင်းကိုကို မာမီနဲ့ မိတ်ဆက်ပေးတယ်။ သူ့ သူငယ်ချင်းတဲ့... နေပါဦး... ဘာဆိုလား... အော် သိပြီ ... သိပြီ... မှတ်မိပြီ... သူ့နာမည် ခန့်ထည်တဲ့ ဂျူးရဲ့"
"ကိုကို့မှာ ခန့်ထည်ဆိုတဲ့ သူငယ်ချင်းရှိတယ်ဆိုတာ ဂျူးလည်း မသိခဲ့ရပါလား?"
"ဂျူးက သတိမထားမိလို့ဖြစ်မှာပါ။ သူက မင်းကိုကိုရဲ့ မင်္ဂလာဆောင်မှာ ကားတစ်စီးတင်မကဘူးနော်၊ ဟန်းနီးမွန်းကိုပါ စီစဉ်ပေးခဲ့တာ..."
"အော်... ဒါဆို ကိုကိုနဲ့ ရင်းနှီးတယ်ပေါ့"
"အင်း မာမီ့ကြည့်ရသလောက်ဆို တော်တော်ရင်းနှီးရှာပါတယ်။ နေစမ်းပါဦး။ အခု ဂျူးက ဘာလို့ သူ့အကြောင်း ဒီလောက်တောင်စိတ်ဝင်စားနေရတာလဲ"
"ဟာ စိတ်မ၀င်စားလို့ရမလား မာမီရဲ့။ ဟိုမှာကြည့်လေ... မာမီ့ ချွေးမတော်လေးက အဲဒီလူကို သဲသဲလှုတ် ဂရုတွေစိုက်ပြနေတာ...သူများမြင်လို့ မသင့်တော်ဘူး"
"ဟဲ့... ဂျူး... မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့။ အဲဒီကလေးက မင်းကိုကိုထက် ငယ်တယ်ကွယ့်။ မင်းကိုကို မြေချတဲ့နေ့တုန်းကဆို သူ့ခမျာ ငိုလိုက်တာ မပြောပါနဲ့။ မင်းကိုကိုလည်း မြေချပြီးရော သူခမျာ မူးလဲသွားရရှာတာ။ အရေးပေါ်ကားတောင် ခေါ်လိုက်ရတယ်လေ... အဲဒါကြောင့် မေက ဂရုစိုက်နေတာ နေမှာပါ ဂျူးရယ်။ ထင်ရာတွေ လျှောက်မတွေးစမ်းနဲ့"
မာမီရှင်းပြလို့သာ ငြိမ်နေလိုက်ရတာ။ ဂျူးစိတ်ထဲတော့ လုံးဝ မကျေနပ်။
ယောက်ျားရဲ့ရက်လည်မှာ မုဆိုးမလတ်လတ်ဆတ်ဆတ်ဖြစ်နေတဲ့ မေက အဲဒီလို သူစိမ်းတစ်ယောက်ကို အသေးစိတ်လေးကအစ လိုက်ပြီး ဂရုစိုက်စရာလား?
ပြောရင်းဆိုရင်း မေက မုန့်ဟင်းခါးစားလို့ ချွေးထွက်နေတဲ့ ခန့်ထည်ကို Tissue ထုတ်ယူပြီး ချွေးသုတ်ပေးနေသေးတယ်။
ဂျူးမျက်လုံးထဲ တကယ့်ကို ကိုးလို့ ကန်းလန့်။
"တောက်...!"
သီးခံပြီးဧည့်သည်တွေကို ဆက်ဧည့်ခံနေမယ်ဆိုလည်း အဆင်မပြေနိုင်တော့မယ့်အတူတူ ဂျူး အပေါ်ထပ်ကိုသာ ပြေးထွက်လာခဲ့မိတယ်။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို မေ့ကို ပြောကိုပြောရမယ်လို့လည်း ဂျူး ဆုံးဖြတ်လိုက်သေးတယ်။
----------------------------------------------------
ညနေပိုင်းလောက်ကျတော့ အောက်ထပ်မှာ သိသိသာသာ အသံတွေတိတ်ငြိမ်သွားခဲ့ပြီမို့ ဂျူး အပေါ်ထပ်ကနေ ပြန်ဆင်းလာခဲ့လိုက်တယ်။
အလုပ်သမားတွေလည်း သူတို့ သိမ်းဆည်းစရာများကို သိမ်းဆည်းနေပြီ။
ဧည့်ခန်းထဲမှာတော့ မေနဲ့ မာမီဟာ ခန့်ထည်နဲ့ ထိုင်စားပြောနေကြသေးတယ်။
ဂျူး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အပေါ်ထပ် လှည့်ပြန်တက်ဖို့ ကြံလိုက်ပါသေးတယ်။
ဒါပေမဲ့ မာမီက လှမ်းမြင်သွားပြီး ဂျူးကို လှမ်းခေါ်လိုက်တယ်လေ။
"ဂျူး လာပါဦးကွယ်။ ဒီမှာ ဂျူးကို မောင်ခန့်ထည်က လူကိုယ်တိုင်မြင်ဖူးချင်လို့တဲ့...လာ မာမီမိတ်ဆက်ပေးမယ်"
ကြည့်။ မာမီကတော့ လုပ်ပြီ။
ဂျူးက ခန့်ထည်ကိုစတွေ့တည်းက အမြင်ကပ်နေတာ။
အခုလူချင်းမိတ်ဆက်ပေးလို့ ဂျူးစိတ်အခန့်မသင့်လို့ ဘုဘောက်ပြောမိရင် မိတ်ပျက်ရဦးမယ်။
ကောင်းကောင်းမွန်မွန် သီးခံပြီးဆက်ဆံပေးဖို့ကျပြန်တော့လည်း ဂျူးစိတ်က သိတဲ့အတိုင်းပဲ၊ အစိုးရတာမဟုတ်။
ဒါပေမယ့် မာမီ့ခေါ်သံကြောင့် ခန့်ထည်ပါ ဂျူးကိုလှည့်ကြည့်လာပြီး ပြုံးပြနေပြီဖြစ်လို့ လှည့်ပြန်တက်လို့ မသင့်တော်ဘူးဆိုတာ ဂျူးနားလည်လိုက်ပြီး ဧည့်ခန်းထဲ ဆင်းခဲ့လိုက်တယ်။
ဂျူးကို မာမီနဲ့ ခန့်ထည်တာ လှည့်ကြည့်လာကြပေမယ့် မေကတော့ လှည့်မကြည့်။
ဂျူးစိတ်ထဲမှာတော့ ဘယ်ကြည့်မလဲ... လင်ရဲ့သူငယ်ချင်းကို ခိုးစားဖို့ ကြံနေတယ်ဆိုတော့ ဂျူးကို ကြည့်ဖို့ မေလိပ်ပြာမလုံဘူးလို့ပဲ ယူဆမိတယ်။
ဧည့်ခန်းထဲ ဂျူးထိုင်လိုက်တာနဲ့ မာမီက ခန့်ထည်နဲ့ ဂျူးကို မိတ်ဆက်ပေးတယ်။
"သား...ခန့်ထည်... ဒီမှာလေ... သား ဆုံဖူးချင်နေတဲ့ အာကာ့တစ်ဦးတည်းသော ညီမ... မာမီ့ သမီးဆိုးလေး... ဂျူလီယာ..."
ဂျူးအလိုက်သင့်ခေါင်းညိတ်ရင်း ပြုံးပြလိုက်ပေမယ့် ခန့်ထည်က ဂျူးကို ရီဝေမက်မောစွာငေးစိုက်ကြည့်ရင်း မျက်ရည်တွေဝေ့လာခဲ့တယ်။
ဘာလဲဟ ဒီလူ... ဂျူးကိုကြည့်ပြီး ကျေနပ်သွားတာ သေတော့မယ့်အတိုင်းပဲ။
"ဂျူး... ညီမလေး... အကိုက ဂျူးနဲ့ ဆုံချင်နေတာ ကြာပြီ..."
"အော်... အင်း... ဟုတ်..."
"အာကာပြောနေတည်းက... ဂျူးအကြောင်းတွေကတော့ အကိုနဲ့ ရင်းနှီးနေခဲ့ပြီးပါပြီ။ အာကာက လူတစ်မျိုးဂျူးရဲ့။ သူက စကားတွေသာ သိပ်မပြောတတ်တာ၊ ဒါပေမဲ့ အရမ်းချစ်တတ်တာ။ ဂျူးကို သူ ဘယ်လောက်ပဲ သတိရနေပါစေ၊ ဖုန်းဆက်ဖို့ကျ တွန့်တယ်သိလား။ အကိုက သိလို့ ကဲပါကွာ၊ မင်းဒီလောက်သတိတွေရနေတယ်ဆိုလည်း ဆက်လိုက်ပေါ့၊ မင်းညီမက မင်းဖုန်းဆက်လို့ စိတ်ဆိုမယ်မထင်ပါဘူးကွာလို့ပြောမှ သူက ဆက်တာ။ သူကလေ သူဖုန်းဆက်လိုက်လို့ ဂျူးလေး စိတ်အနှောင့်ယှက်ဖြစ်မှာကို မလိုလားဘူးတဲ့လေ..."
ခန့်ထည်က ဂျူးကို ဂျူးလေးတဲ့လား။ အဲဒါ ကိုကို စိတ်လိုရင် ခေါ်လေ့ရှိတဲ့ပုံစံလေ။
"အာကာက ဂျူးလေးကို သိပ်ချစ်တာ ညီမလေးရဲ့။ အကိုလည်း အာကာ့ကိုပြောပါသေးတယ်။ ဂျူးဆီကိုလိုက်သွားပြီး သွားတွေ့ကြမယ်လို့။ ဒါပေမဲ့ သူက သူ့ကြောင့် ဂျူးလေး စိတ်အနှောင့်ယှက်ဖြစ်မှာစိုးလို့တဲ့... ဒါနဲ့ ဂျူးမှာ အာကာနဲ့တူတဲ့ မျက်ဝန်းတွေရှိနေတယ်နော်..."
ခန့်ထည်စကားကြောင့် ဂျူးပင် မျက်လုံးကို ပြန်စမ်းမိသွားတယ်။
ကိုကိုနဲ့ ဂျူးတို့ မျက်ဝန်းချင်းတူတယ်ဆိုတာ အရင်က ဂျူးပင် သတိမထားခဲ့။
"ဒါပေမဲ့ အာကာကပြောတယ်။ ဂျူးလေးရဲ့စိတ်နေစိတ်ထားက သူနဲ့မတူဘူးဆို။ စိတ်တိုတတ်တယ်ဆို ဟုတ်လား?"
"အော်... ဟို... အင်း... ဟုတ်... ဟုတ်..."
"ဘာပဲဖြစ်ဖြစ်... ဂျူးလေးနဲ့ အခုလို တွေ့ခွင့်၊ သိခွင့်ရလို့ အကိုအရမ်းကျေနပ်တယ်သိလား။ အာကာမရှိတော့ပေမယ့် အကို့ကို အကိုတစ်ယောက်လို အားကိုးလို့ရတယ်နော် ဂျူးလေး။ မေ့ဆီမှာ ကိုယ့်ဖုန်းနံပါတ်ရှိတယ်။ ဂျူးလေး ယူထားနော်။ ကြိုက်တဲ့အချိန် ဖုန်းခေါ်၊ ကြိုက်တာ အကူညီတောင်း၊ အကို အကုန်ကူညီပေးမယ်နော် ဂျူးလေး..."
"အော်... ဟုတ် ဟုတ်ကဲ့..."
ခန့်ထည်ရဲ့ စကားပြော ညှင်သာကြွယ်ဝပုံကိုနားထောင်ရင်း ဂျူးစိတ်ထဲ စိုးရိမ်မှုတွေ ပိုမြင့်တက်ကုန်တယ်။
ဒီလူ ဒီလောက် သာယာငြိမ့်ညောင်းနေမှတော့ တစ်နေ့နေ့တစ်ချိန်ချိန် မေ မကြွေပဲ နေပါ့မလား?
ခန့်ထည်ရဲ့ စကားသံမှာကိုက အကြင်နာတရားပြည့်ဝလွန်းနေတာ။
မဖြစ်ဘူး... ဒီလူနဲ့ မေ့ကို အတူတူထားလို့ ဘယ်နည်းနဲ့မှ မဖြစ်ဘူး။
ကိုကိုကဖြင့် တမလွန်ကိုရောက်တာ ၁၀ရက်မပြည့်သေးဘူး။ နေရင်းထိုင်ရင်း အသည်းကွဲနေရဦးမယ်။
မေနဲ့ ခန့်ထည်ဆိုတဲ့လူ အဆက်သွယ်ပြတ်သွားဖို့ ဂျူးတစ်ခုခု ၀င်မွှေမှကိုဖြစ်မယ်လို့ ဂျူး လေးလေးနက်နက် တွေးပစ်လိုက်မိတယ်လေ။
----------------------------------------------------
"ဒေါက်... ဒေါက်... ဒေါက်..."
တံခါးခေါက်နေတာကြာပြီ။ ဒါပေမဲ့ မေ့တံခါးက ပွင့်မလာသေး။
ညနေက ခန့်ထည်ပြန်သွားတော့ မေများအတူလိုက်သွားသေးလားလို့ ဂျူးတွေးမိသေးတယ်။
ဒါပေမဲ့ ဂျူး သေချာလိုက်စောင့်ကြည့်ခဲ့တာပါ။
ခန့်ထည်တစ်ယောက်တည်း ကားပေါ်တက်ပြီး မောင်းထွက်သွားတာ။
ဒါတောင် မေက ကားနားအထိလိုက်ပို့ပြီး သေချာနှုတ်ဆက်နေသေးတာ။
တစ်အိမ်လုံးမှာလည်း ဂျူးလိုက်စစ်ကြည့်ပြီးပြီ။ မေလုံးဝ မရှိ။
မာမီ့ကိုမေးကြည့်တော့ မေက သူ့အခန်းထဲဝင်သွားတာတွေ့လိုက်ရတယ်ဆိုလို့ အခု ဂျူးက မေ့အခန်းတံခါးကို လာခေါ်နေမိတာ။
ဒါပေမဲ့ အခန်းထဲက အသံပြန်ကြားဖို့မပြောနဲ့ အပ်ကျသံတောင် မကြားရ။
ဟာ... ဒီမိန်းမ ဘယ်များသွားသေနေတာလဲ မသိဘူး။
မဟုတ်မှလွဲရော... ဟိုကောင် ခန့်ထည်နဲ့ ဖုန်းခိုးပြောနေတာများလား?
ဂျူး သိချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာရင်း တံခါးလော့ခ်ကို အသာလှည့်ကြည့်လိုက်တော့ လော့ခ်က ပွင့်သွားတယ်။
ဒါနဲ့ပဲ ဂျူးလည်း ခြေဖွရင်း အခန်းထဲ အသာလေး ၀င်ခဲ့လိုက်တယ်။
အဲဒီမှာ ဂျူးမြင်လိုက်ရတာက မေဟာ လက်တစ်လုံးပိုးဂါဝန် ပန်းနုရောင်လေးကို ၀တ်ထားရင်း ဆိုဖာ ပလက်ကုလားထိုင်တွင် ခေါင်းကို နောက်လှန်မှီပြီး နားကြပ်တွေတပ်ထားကာ သီချင်းနားထောင်နေတာ။
မေဟာ မျက်လုံးတွေကိုလည်း မှိတ်ထားသေးတယ်။
အိကျနေတဲ့ ပိုးဂါဝန်ဟာ သူ့အောက်မှာမရှိနေတဲ့ မေ့ကိုယ်ခန္ဓာကို ပြည့်ပြည့်၀၀ မကာကွယ်ပေးနိုင်ရှာဘူး။
လက်နှစ်ဖက်ကို ခေါင်းအောက်သို့ထည့်ရင်း မျက်လုံးတွေမှေးစင်းထားတဲ့ မေ့ပုံစံဟာ အလွန့်ကို စွဲဆောင်မှုကြွယ်ဝလွန်းနေတယ်။
ပေါင်အလယ်လောက်ထိသာ ဖုံးနေတဲ့ ဂါဝန်တိုလေးကြောင့် မေ့ခြေသလုံးဖြူဖြူဖွေးဖွေးတွေကို ဂျူးအတိုင်းသားမြင်နေရတယ်။
ခြေသလုံးတွေကိုတစ်ခုနဲ့တစ်ခု ယှက်ချိတ်ထားတယ်ဆိုတော့ သွေးကြောအစိမ်းလေးတွေကိုပါ မြင်နေရတာ။
ခြေဖ၀ါးလေးတွေကလည်း ရဲပြီး ပန်းနုရောင်သန်းနေတယ်။
ဂါဝန်သာဆိုတယ်။ ပေါင်တစ်လုံးချင်းစီ ဘယ်လောက်ဆိုဒ်ရှိလဲဆိုတာကိုပါ တိုင်းလို့ရတဲ့အထိ ပိုးသားက အိကျနေတာ။
မို့မောက်ဖူးလွင်နေတဲ့ အနိမ့်အမြင့်တွေကြောင့် ဘယ်နေရာမှာ ဘယ်ခန္ဓာအစိတ်ပိုင်းရှိလဲဆိုတာ ပိုးသားက ကာသာကာထားတာ။ အကုန်လုံး အတိုင်းသားမြင်နေသလိုပဲ။
ပြီးတော့ ခေါင်းအောက်သို့ လှန်ထည့်ထားတဲ့ လက်မောင်းနဲ့ လက်ဖျံမှာလည်း သွေးကြောမှင်စိမ်းစိမ်းလေးတွေ။
ဟိုနေ့ညက ဂျူးပေးခဲ့မိတဲ့ မာကင်ရာလေးက အပြီးအပိုင် မပျောက်မသွားသေးပဲ ခပ်ရေးရေးလေး ကျန်နေသေးတာကိုပါ မြင်လိုက်တော့ ဂျူးဟာ ချက်ချင်းပဲ ရေဆာလာသလိုလို၊ ပိုပြီးပဲ ပူအိုက်လာသလိုလို။
အာခေါင်တွေ သိသိသာသာ ခြောက်လာပြီး တံတွေးတောင် မျိုချမိတဲ့အထိ။
ရင်တွေကတော့ မပြောပါနဲ့တော့။ ခုန်တာမှ ဒုန်းဆိုင်းနေပြီ။
ဂျူးဟာ ဘာဆက်လုပ်ရမှန်းကို မသိဖြစ်သွားရတာ။
မေ့ကို လှမ်းပဲခေါ်လိုက်ရမလိုလို၊ အခန်းထဲကပဲ လှည့်ထွက်သွားရမလိုလို။
သေချာတာကတော့ မေ့ဆီက အကြည့်တွေလွှဲလိုက်ဖို့ ဂျူးမှာဘာအင်အားမှမရှိ။
"ဟင်... မင်း..."
အကြည့်မလွှဲနိုင်တဲ့အတူတူ ခဏလောက် ထပ်ကြည့်လိုက်ဦးမယ်ဆိုတဲ့ အတွေးနဲ့ ဂျူးဟာ ဆာလောင်ငတ်မွတ်စွာ မေ့ခန္ဓာအစိတ်ပိုင်းတွေကို တစ်ခုချင်းစီ စိုက်ကြည့်မိနေတုန်း မေဟာ မျက်လုံးတွေပွင့်လာပြီး ဂျူးကိုမြင်သွားတယ်။
မေဟာ ဂျူးရပ်ကြည့်နေတာကို မျက်လုံးချင်းဆုံမြင်လိုက်ပြီးတဲ့ တခဏ ငြိမ်သက်သွားပေမယ့် ချက်ချင်းပဲ အနားက အပေါ်ထပ်အင်္ကျီကိုဆွဲယူပြီး ကိုယ်ခန္ဓာအပေါ်ပိုင်းကို ဖုံးကွယ်ပစ်လိုက်ရင်း ထ,ထိုင်လိုက်တယ်။
"ဟင် ခင်ဗျား ဒါဘာလုပ်တာလဲ?"
"ဘာလုပ်ရမလဲ... ဖုံးလိုက်တာလေ..."
မေ့လုပ်ပုံက မသိရင် ဂျူးက တဏှာရူးတစ်ကောင် ကျနေတာပဲ။
"အောင်မာ... ခင်ဗျား လူကို ဘာများထင်နေတာလဲ?"
"ဘာထင်ရမလဲ... မင်း တို့ကိုကြည့်နေတာက စားတော့ ၀ါးတော့မယ့် မျက်လုံးကြီးတွေနဲ့လေ..."
"အာ... ခင်ဗျား... ဒါတော့ တော်တော်လွန်သွားပြီ ဒေါ်ဟန်နီမေ... တော်တော်လွန်သွားပြီ...'
----------------------------------------------------
ဆက်ရန်...
(အေးနော်... ဖတ်ကောင်းတယ်ဆိုလည်း သူများတွေကို နဲနဲပါးပါး လက်တို့လိုက်ဦး...😉
ကိုယ်တစ်ယောက်တည်း ကျိတ်ဖတ်မနေနဲ့ 😏
Vote ပေးဖို့လည်း မမေ့နဲ့...😁)
❤️🔥❤️🔥❤️🔥❤️🔥❤️🔥❤️🔥❤️🔥
YOU ARE READING
စိတ်ကူးနဲ့ ... ရူး