Chapter 3 (U+Z)

3.6K 73 0
                                    

(Unicode)

Chapter 3

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။

တစ်ကနေ တစ်ဆယ်အထိ စိတ်ထဲကရေပြီး ချယ် မျက်လုံးပြန်ဖွင့်လိုက်သည်။ ဖုန်းကိုယူပြီး ကြည့်သည်။

အင်း၊ တကယ်ကို အိပ်မက်မက်နေတာ မဟုတ်ဘူးပဲ။

ဟိုတစ်နေ့က "Hello, CL2. I have a job for you" ဆိုသည့် မက်ဆေ့ချ်ပိုင်ရှင်က သူမကို အလုပ်တစ်ခု ကမ်းလှမ်းလာခဲ့သည်။ ဒီအလုပ်အတွက် ရမည့်ငွေက မက်လောက်စရာ။ အလုပ်ပြီးသည်နှင့်  တစ်နှစ်လောက် ဘာမှမလုပ်ဘဲ တစ်နိုင်ငံလုံး လှည့်ပတ်ပြီး အပန်းဖြေခရီး ထွက်နေလို့တောင် ရသည်။

ခက်တာက ပစ်မှတ်သည် ပေါ့သေးသေးမဟုတ်။ လုပ်ကြံဖို့လည်း ခက်မည်။ လုပ်ကြံပြီးလျှင်လည်း သူမအတွက် နောက်ကြောင်းရှင်းဖို့ မနည်းဖုံးရမည်။ ရမည့်ငွေနှင့် ခံစားရမည့် stress က တန်ရဲ့လားဆိုတာ သူမ ဆုံးဖြတ်လို့မရသေး။

တော်ပြီ။ အခု မစဥ်းစားသေးဘူး။ အလုပ်အပ်သူကလည်း သူမကို စဥ်းစားဖို့ အချိန်ပေးထားသည်ပဲ။ ခဏနေမှ ဆက်စဥ်းစားမည်။

တစ်မနက်လုံး သူမတစ်ယောက်တည်း အိပ်ရာကြီးပေါ်တွင် ထိုင်လိုက်၊ အိပ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ဖုန်းသုံးလိုက်၊ အိပ်ရာဘေး အဆင်သင့် ယူထားသည့်မုန့်များ ထစားလိုက်နှင့် ဇိမ်ကျနေသည်။ အတိတ်တွေရော၊ အနာဂတ်တွေရော၊ ပစ္စုပ္ပန်တွေရော ဘာမှမတွေးသည့် စိတ်ကလေးက အေးချမ်းပျော်ရွှင်လို့။

သို့သော် တစ်မနက်နှင့် တစ်နေ့လယ် ကုန်သွားပြီးတော့ နည်းနည်း ပျင်းစပြုလာသည်။ ဘာလုပ်ရလျှင် ကောင်းမလဲ။ ဘားတွေ၊ ကလပ်တွေသွားဖို့က စောလွန်းသေးသည်။ ရုပ်ရှင်လည်း သွားမကြည့်ချင်။ တစ်ခုခုပဲ ထွက်စားရလျှင် ကောင်းမလား။

အပြင်ထွက်ဖို့ တွေးမိတော့ သူမဦးနှောက်က တစ်စုံတစ်ခုကို သတိရသွားသည်။ အလုပ်ဖုန်းမဟုတ်ဘဲ အပျော်သုံးသည့် ဖုန်းထဲတွင် contact တစ်ခုကိုရှာပြီး နှိပ်လိုက်တော့ တစ်ဖက်က ချက်ချင်းဖုန်းကိုင်သည်။

"ဟယ်လို... အိပ်မက်ဖြူ စိတ်ကျန်းမာရေး အထူးကုဆေးရုံကပါရှင်"

'Crystal Light'Where stories live. Discover now