(Unicode)
Chapter 36
သေမင်း၏ နိမိတ်ပုံဖြစ်သည့် သေနတ်ပြောင်းဝကို စိုက်ကြည့်ရင်း ချယ် အံ့သြနေသည်။ အံ့သြမိတာက သေနတ်ကိုင်ထားသည့် မိုးမြင့်မေကိုမဟုတ်။ သူမကိုယ်သူမ...။ အသက်အန္တရာယ်နှင့် ဒီလောက် နီးကပ်နေသည့်အချိန်တွင် တစ်စက်လေးမှ စိတ်လှုပ်ရှားခြင်းမရှိဘဲ ပကတိ တည်ငြိမ်နေအောင် ဘယ်လိုအရာမျိုးကများ ခွန်အားတွေ ပေးထားသလဲ။
မိုးမြင့်မေ၏ မျက်လုံးများကို တည့်တည့်ကြည့်ပြီး ပြောလိုက်သည့် သူမအသံထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်း အငွေ့အသက်များ နည်းနည်းလေးမှ ပါမနေခဲ့။
"ဒီတစ်ခါပစ်ရင်တော့ တည့်တည့်ထိအောင်ပစ်နော်။ တစ်ညတည်းမှာ ပစ်မှတ်နှစ်ခုကို နှစ်ခါလွဲတယ်ဆိုရင် လူကြားလို့ သိပ်မကောင်းတော့ဘူး"
သေနတ်နှင့် အချိန်ခံထားရသူက ဘယ်လိုမှ မနေရဘဲ သေနတ်ကိုင်ထားသူက အသံတွေ တုန်နေသည်မှာ ဘယ်လို ဟာသမျိုးလဲ။
"ရှင့်ကို ကျွန်မ တကယ် မပစ်ရဲဘူး ထင်လို့လား"
"ထင်တယ်"
"ဘာ!"
"တကယ်သာပစ်ရဲရင် ကျွန်မ ဒီအခန်းထဲ ဝင်လာတည်းက ရှင်ပစ်ပြီးနေပြီ။ ဒီအချိန်ထိ အချိန်တွေဆွဲနေမှာ မဟုတ်ဘူး"
"အဟက်"
အနှစ်မပါသည့် ရယ်သံတစ်ချက် ထွက်လာပြီး မိုးမြင့်မေ လက်ထဲကသေနတ် အောက်နှိမ့်သွားသည်။ ချယ့်မျက်နှာကို ချိန်မထားတော့ဘဲ ရင်ဘတ်ဆီ ဦးတည်သွားသည်။
"အမှန်အတိုင်းပြောရရင် ကျွန်မ ရှင့်ကို သဘောကျတယ် သိလား ချယ်ရီလဲ့လဲ့။ ကျွန်မအဖေနဲ့ အစ်ကိုကို သတ်ခဲ့တဲ့ တရားခံသာမဟုတ်ရင် ကျွန်မတို့ သူငယ်ချင်းတွေ ဖြစ်နိုင်ခဲ့လောက်မယ် ထင်တယ်။ တစ်လောကလုံးကို မကြောက်မရွံ့ တစ်ယောက်တည်း ရင်ဆိုင်ရဲတဲ့ ရှင့်လိုလူမျိုးဆီကနေ ကျွန်မ သင်ယူချင်တာတွေ အများကြီးရှိတယ်"
ချယ် ဘာမှ ပြန်မပြောပါ။ ပြောဖို့လည်း မလိုဘူးဟု ထင်ပါသည်။
"အင်းလေ၊ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ အခြေအနေတွေက ဒီလိုတွေ ဖန်လာခဲ့တော့လည်း ကျွန်မတို့က ရန်သူတွေပဲ ဖြစ်ရတော့မှာပေါ့။ ရှင်ပြောတာမှန်ပါတယ်။ ကျွန်မ ရှင့်ကို တကယ် မပစ်ရဲဘူး။ ရှင့်လိုမျိုး လူတစ်ယောက်မျက်နှာကို တည့်တည့်ကြည့်ပြီး သေနတ်ခလုတ်ကို ဖြုတ်ရဲလောက်တဲ့သတ္တိမျိုး ကျွန်မမှာမရှိဘူး"
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...